Tuesday, October 8, 2013

ပျောက်ဆုံးနေတဲ့ ဟော်နန်းကို ရှာဖွေတွေ့ရှိ

ပျောက်ဆုံးနေတဲ့ ဟော်နန်းကို ရှာဖွေ တွေ့ရှိလိုက်ပါတယ်။

တချိန်က သီပေါစော်ဘွား ဆာစောချယ် ရဲ့ နွေရာသီ စံနန်းတော် စခန်းသာနန်းဟောင်း ဟာ ရှမ်းပြည်နယ်
ကျောက်မဲ မြို့နယ်တွင်းက စခန်းသာကျေးရွာ အုပ်စုအတွင်း ချုံနွယ်ပိတ်ပေါင်းတွေ ကြားထဲမှာ တောတိုးပြီး ရှာဖွေတွေ့ရှိခဲ့တာပါ။

                                         
                                                                               နေ၀န်းထဲတွင် ကနေသည့် ဒေါင်းရုပ်ဟန် ပုံဖော်ထားသည့် စခန်းသာမုဒ်ဦး (ဓာတ်ပုံ - တေဇာလှိုင် / ဧရာဝတီ)


မျှော်မဆုံး မြင်နေရသည့် အစိမ်းရောင် ပြောင်းခင်းကြီးများနှင့် အလယ်တွင် ဖြောင့်တန်း စွာဖောက် ထားသည့် မြေနီလမ်းလေးက အလွန်တရာမှ လိုက်ဖက်လှသည်။ ညီညာစွာ စီတန်းနေသော ပြောင်းခင်းများသည် ကျယ်ပြန်သော လွင်ပြင်မှ မှိုင်းပြာနေသော ရှမ်းရိုးမ တောင်တန်း များဆီ သို့ မြင့်တက်သွားကြ၏။



ကျယ်ပြောသော လွင်ပြင်ကြီးကို ၀ိုင်းရံထားသည့် ရှမ်းရိုးမအပေါ်၌မူ နေခြည်က မလင်းတလင်းဖြစ်နေသည်က ပန်းချီကား တချပ် နှယ်။
ဤလွင်ပြင်ကြီးသည် တချိန်က တောင်ပေါ်မြို့လေးအဖြစ် လူသိများခဲ့ဖူးသလို သီပေါစော်ဘွားဟောင်း ဆာစောချယ်၏ နွေရာသီ စံနန်းတော် စခန်းသာဟော်လည်း ရှိခဲ့ဖူးသည်။
ဆာစောချယ်က မင်းတုန်းမင်း၏ ယောက်ဖတော် မွေးစားသားဖြစ်ပြီး မန္တလေးနေပြည်တော်တွင် ပညာသင်ကြားခဲ့ဖူးသူဖြစ်ပြီး မန္တလေးကျအပြီး ဗြိတိသျှကိုလိုနီအစိုးရကလည်း ဆာဘွဲ့ ချီးမြှင့်ခံရသူဖြစ်သည်။ ဒီဟော်နန်းကို မိဖုရား ၄၀ နှင့် စံမြန်းရန် ဆောက်ခဲ့သည်ဟု ကြားဖူးသည်။
စခန်းသာဟော်ကို ရောက်ဖူးချင်နေသည်မှာ ကြာပြီ။ အခွင့်မကြုံနိုင်ခဲ့ပေ။ ပြီးခဲ့သည့်နှစ် သီပေါဟော်သို့ ရောက်ခဲ့စဉ်ကလည်း စခန်းသာဟော်သို့ ခရီးမဆက်နိုင်ခဲ့။
ဒီတခေါက် ရှမ်းပြည်မြောက်ပိုင်း ခရီးစဉ်တွင် စခန်းသာဟော် သွားဖို့ ထည့်သွင်းခဲ့သည်။ သို့သော် ဒေသအခြေအနေမှာ ငြိမ်သက်မှု့မရှိသည့်အတွက် နယ်ခံမိတ်ဆွေ များကို အကူအညီတောင်းကာ သေသေချာချာ ပြင်ဆင်ခဲ့ရသေးသည်။
စခန်းသာသည် ကျောက်မဲမြို့မှ ၇ မိုင်ခန့် ဝေး၍ လားရှိုး- မန္တလေးကားလမ်းနံဘေးမှ ရွာကြီးဖြစ်သည်။ ကျောက်မဲမှ နာရီဝက်ခန့် သွားလိုက်သည်နှင့် လမ်းဘေးတနေရာ၌ အပြာရောင်အောက်ခံ၌ အဖြူရောင်စာလုံး ဖြင့် ရှမ်း- မြန်မာ နှစ်ဘာသာရေးထိုးထားသော စခန်းသာ ကျေးရွာအုပ်စု မြင်းကွင်း ကျေးရွာ ဆိုသည့် ဆိုင်းဘုတ်ကို တွေ့မြင်ရသည်။
ဆိုင်းဘုတ်နံဘေး မြေနီလမ်းကလေးထဲသို့ ချိုးဝင်လိုက်သည့်နှင့် လူတရပ်နီးပါးမြင့်သည့် ပြောင်းခင်းကြီးများ အလယ် ရောက်သွား ပြီး လူရိပ်လူခြေ မမြင်ရတော့သလို သွားရသည်ကလည်း တမျှော်တခေါ်ပင်။
ဤ ပြောင်းခင်းကျယ်ကြီးသည် ကိုလိုနီခေတ်က သီပေါစော်ဘွားကြီး ဆာစောချယ်၏ သားဖြစ်သူ စောအုံကြာနှင့် အပေါင်းအပါ ပြိုင်မြင်းဝါသနာအိုးတို့ နှစ်စဉ် မြင်းပွဲ ကျင်းပရာကွင်းကြီး ဖြစ်သည်။
၁၉၂၉- ၃၀ ခုနှစ်များမှ စတင်ကာ ကျိုက္ကဆံမြင်းကွင်းရှိ ရန်ကုန်တပ် ကလပ်မှ မြင်းသမားများ၊ မန္တလေး၊ လားရှိုး၊ နမ္မတူ၊ နမ့်ဆန် ဒေသ များမှ မျက်နှာဖြူ အရာရှိကြီးများ၊ မြန်မာသူဌေး မန်းညွန့် ဦးမောင်လေး၊ မစ္စတာ မာဖီးယားသား ချန်ချော ခိုင်၊ ပခုက္ကူ ဦးဘကျားစသည့် နာမည်ကြီး မြင်းသမားကြီးများကို ဖိတ်ကြားကာ တောင်ခါးပန်းတွင် ပွဲကြည့်စင်များထိုးပြီး မြင်းပွဲ အကြီးအကျယ် ပြုလုပ်သည့် နေရာဟု မှတ်သားဖူးသည်။ ယင်းသို့ မြင်းပွဲများတွင် လောင်းကစားစေရုံမက ၃၆ ကောင်ကဲ့သို့ လောင်းကစားပွဲများကို ဝှဲချီးကျင်းပကြောင်းလည်း ကြားဖူးသည်။
စောအုံကြာသည် အင်္ဂလန်နိုင်ငံ အောက်စ်ဖို့ဒ်တက္ကသိုလ် ကျောင်းထွက်တဦးပီပီ အနောက်တိုင်းဆန်ပြီး ခေတ်မီသည့် စော်ဘွား တဦးဖြစ်သကဲ့သို့ ပြိုင်မြင်းများ မွေးမြူခြင်းကိုလည်း ၀ါသနာထုံသူတဦးဟု သိရသည်။
ပဒေသရာဇ် ခေတ်၊ ကိုလိုနီခေတ်မှသည် လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံ၊ နောက် ဆိုရှယ်လစ်ခေတ်ကိုဖြတ်၊ ယခု နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တံခါးဖွင့်သည့် ဈေးကွက်စီးပွားရေးစနစ် အရောက်တွင် စော်ဘွားစောအုံကြာ၏ မြင်းကွင်းသည် ထိုင်းကုမ္ပဏီ CP ၏ ပြောင်းခင်း အတိအကျဆိုသော် ကြက်စာပြောင်းခင်းများ ဖြစ်သွားလေပြီ။
ပြောင်းခင်းအလယ်ဖြတ်ဖောက်ထားသည့် မီးရထားလမ်းကို ကျော်သည်နှင့် လမ်းမှာ ပို၍ဆိုးလာသည်။ မိုးဆက်တိုက် ရွာထား သည့်အတွက် ဗွက်ပေါက်ကာ မြေပျော့သောကြောင့် ကားဆရာမှာ ကားကို ဂရုတစိုက် မောင်းနှင်နေရ၏။ ဤအတိုင်း စခန်းသာဟော်ကုန်းကို ကားဖြင့်တက်ရန် မလွယ်ကူ၊ ထို့ကြောင့် မြင်းကွင်းရွာသို့ ၀င်ကာ သတင်း စုံစမ်းရသည်။
မြင်းကွင်းရွာတွင် ကားဆရာနှင့် ရှမ်းအမျိုးသားတသိုက် အပြန်အလှန်ပြောဆိုကြပြီးနောက် စခန်းသာဟော်ကုန်းသို့ ကား တက်၍ မရ၊ အနီးရှိ တောရဘုန်းကြီးကျောင်းအထိသာ ကားသွားနိုင်မည်၊ ထိုမှ တဆင့်ဆက်ပြီး စခန်းသာဟော်သို့ ခြေလျင်သာ သွားရမည်ဟု သိရသည်။
ဆက်လက်ထွက်ခွာခဲ့ရာ ချောင်းတခုကို ကျော်လွန်ပြီးသည်နှင့် တောင်စွယ်တခု ပေါ်သို့ တက်သည်။ တောင်စွယ် တဆစ်ချိုးအရောက် နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်အခါ ပြောင်း၊ မြေပဲနှင့် ပဲမျိုးစုံ စိုက်ခင်းများသည် မြစိမ်း ရောင် ကမ္ဗလာ ကဲ့သို့ ဖြစ်နေပြီး ကြည့်၍မဆုံး။ တချိန်က သည်ပြန့် သည်တောင်စောင်းတို့တွင် ဒေလီယာ၊ ဂန္ဓမာ၊ နှင်းဆီ၊ သစ္စာ ပန်းစသည့် ပန်းပင်များဖြင့် လှပေနေခဲ့ပေလိမ့်မည်။
မကြာမီတွင် တောရဘုန်းကြီးကျောင်းသို့ရောက်သည်။ ကျောင်းပရ၀ုဏ် အတွင်း လူသူ အရိပ်အယောင် မမြင်ရ။ ကျောင်းပေါ်မှာတော့ ရှမ်းလူမျိုး ဆရာတော်တပါး သီတင်းသုံးနေသည်။
ဆရာတော်သည် ပခုက္ကူ နှင့် မန္တလေးရှိ ကျောင်းတိုက်ကြီးများတွင် စာဝါလိုက်ဖူးသဖြင့် မြန်မာစကားကို ရေလည်စွာ ပြောဆိုနိုင်သည်။ ဘုန်းကြီးကျောင်းတို့၏ ထုံးစံအတိုင်း တိုင်ကပ်နာရီများကလည်း နေရာအနှံ၊ တနေရာတွင် ရှမ်းဘာသာဖြင့် ရိုက်နိုပ်ထားသည့် ဟော်နန်းများပုံပါ ပြက္ခဒိန်တခု ချိတ်ဆွဲထားသည်။
စခန်းသာဟော်သို့ သွားမည်ဖြစ်ကြောင်း ဆရာတော်အား လျှောက်သည့်အခါ ရှမ်းလက်နက်ကိုင်များ နှင့် စစ်တပ်တို့ မကြာသေးမီကမှ အနီးအနားတွင် တိုက်ပွဲဖြစ်ထားသည့်အတွက် ကပ္ပိယကြီးနှစ်ဦးကို လိုက်ပါစောင့်ရှောက်ရန် ထည့်ပေးလိုက်လေသည်။
စခန်းသာဟော်သို့ သွားသည့်လမ်းမှာ ကျောင်းနှင့်မနီးမဝေးရှိပြီး လျှိုတခု၏ အောက်ဖက်သို့ ဆင်းကာ တောလမ်းအတိုင်း လျှောက်ရသည်။ လမ်းဘေးဝဲယာတွင် ချုံများတောထနေပြီး အသွားအလာမရှိသည့်အတွက် လူသူခိုအောင်းချင်စရာ ဖြစ်နေပြီး အချိန်မရွေး အန္တရာယ်ပေါ်တတ်သည့် အနေအထားဖြစ်သည်။
အနီရောင် သစ္စာပန်းပင်များက လမ်းဘေးတဖက်တချက်တွင် အလေ့ကျပေါက်လျက်။ တချို့နေရာများတွင် ချုံနွယ်ပိတ်ပေါင်း များ ထူထပ်သည့် အတွက် ကပ္ပိယကြီး နှစ်ဦးက ရှေ့မှဓားဖြင့် ရှင်းကာ သွားရ၏။ ဟော်အနီးသို့ ရောက်လာလေ ချုံက ပိုမိုထူလာလေ၊ ကပ္ပိယကြီး နှစ်ယောက်၏ ဓားမှာလည်း ပို၍ ပို၍ သွက်လာလေလေပင်။
နာရီဝက်ခန့်လျှောက်မိသောအခါ ပန်းကနုတ်များစီချယ်ထားသည့် မြင့်မိုရ်ပိတ်၏ အလယ်၌ အမြီးဖြန့်ချထားသည့် ဒေါင်းရုပ် သဏ္ဍန် ပုံဖော်ထားသော စခန်းသာဟော် မုဒ်ဦးကြီးကို ချုံနွယ်ပိတ်ပေါင်းကြားမှ ဘွားကနဲ မြင်ရပါလေပြီ။
နေ၀န်းထဲ၌ ကနေသည့် ဒေါင်းရုပ်သည် လွတ်လပ်ကြမ်းတမ်းသော ပဒေသရာဇ်ခေတ်ကို ပုံဖော်နေသည့် အလားရှိ၏။ လူသူအရောက်အပေါက်နည်းပြီး ဤမျှ ချောင်ကြသည်နေရာတွင် ခမ်းနားသည့် အဆောက်အဦနှင့် ဗိသုကာလက်ရာများကို မြင်ရသည်မှာ အိပ်မက်ထဲမှ ရတနာသိုက် ရှာတွေ့သလို စိတ်လှုပ်ရှားနေခဲ့သည်။
ဥရောပဆန်ဆန် တည်ဆောက်ထားသည့် ဟော်နန်းမှာ တထပ်တိုက်ဖြစ်ပြီး နှစ်ပရိစ္ဆေဒ အတော်ကြာ စွန့်ပစ်ထားခြင်းခံရသော်လည်း အဆောက်အဦးတွင် သုတ်လိမ်းထားသည့် အ၀ါရောင်ဆေးသားမှာမူ ပျက်ပြယ်ခြင်းမရှိသေး။
နောက်ဆုံး သီပေါစော်ဘွား စ၀်ကြာဆိုင်၏ ဇနီး သြစတြီးယန်းသူ သုစန္ဒီ(အင်ဂျီ) က စခန်းသာဟော်သည် အီတလီ မြောက်ပိုင်းတောင်ကုန်းတခုပေါ်မှာ ဆောက်ထားသော နို့နှစ်ရောင် အဆောက်အဦးတခုကဲ့သို့ ထည်ထည်ဝါ၀ါရှိလှသည်ဟု သူ၏ Twilight Over Burma စာအုပ်တွင် ဆိုထား၏။
မြေထဲပင်လယ်ထွက် အဖြူရောင် စကျင်ကျောက်ပြားခင်းထားပြီး စံနန်းအလယ် ခန်းမကို ဦးတည်နေသည်ဟု သူရေးခဲ့သည့် အဝင်ပေါက် လှေခါးကြီးမှာ ကျနော် မြင်တွေ့ရသောအခါ ချုံအတိဖုံးအုပ်နေပြီး စော်ဘွား အဖူးအမျှော်ခံရာ စံနန်းအလယ် ညီလာခံ ခန်းမကား အမိုးဗလာနတ္တိ။
ဟော်နန်းတခုလုံးမှာ တပိုင်းတစ ပြိုပျက်နေသည့် နံရံများ၊ ကပ်ပါးပင်များ တွယ်ကပ်နေသည့် ယက်မတန်းကြီ များနှင့် ၎င်းတို့ကို ထောက်ခံထားသည့် ရောမခေတ်ဟန် တိုင်ကြီးများကိုသာ ထောင်လျှက်သား မြင်တွေ့ရသည်။
ကြမ်းခင်း ကျွန်းသားပါကေးများမှာ အကောင်းပကတိနီးပါးရှိဆဲဟု ဆိုနိုင်သော်လည်း ရေညှိများ တက်ကာ တချို့နေရာများတွင် မြက်ရိုင်းနှင့် ချုံများပေါက်လျှက်ရှိ၏။
သစ်ပင်များ ချုံနွယ်များနှင့် ပြိုပျက်နေသည့် အုတ်ပုံများကိုကျော်ပြီး အထဲသို့ ၀င်ခါနီး ဂမ္ဘီရဆန်သည့် ကြီးမားသော မြွေကြီး နှစ်ကောင်ရှိသည်ဟု နယ်ခံတဦးက သတိပေးစကားကြောင့် ခြေလှမ်းများပင် တုန့်သွားမိသည်။ သစ်ပင်ချုံနွယ်များ၊ ကျိုးပဲ့နေသည့် အုတ်ပုံများအောက်တွင် မြွေဆိုးများက ခိုအောင်းနေနိုင်သည် မဟုတ်လား။
ပြန့်ပြူးသည့် တောင်စွယ်ပေါ်တွင် တည်ထားသည့် စခန်းသာဟော်သည် ပေ ၁၅၀ နီးပါးခန့်ရှည်ပြီး အဝင်ပေါက် အဆောင် မျက်နှာစာ၏ ၀ဲ ယာတွင် နောက်ထပ် အဆောင်နှစ်ဆောင်ရှိ၍ အဆောင်များတွင် မီးလင်းဖိုကြီးများနှင့် လူနေအိပ်ခန်းများ ဖွဲ့ခဲ့ဟန်တူ၏။
မှတ်သားမိသည်မှာ မြန်မာဂီတပညာရှင် ဒေါ်စောမြအေးကြည် နာမည်ကျော် မိုးဒေ၀ါ ပတ်ပျိုးကို ယခု စခန်းသာဟော်တွင် နေထိုင်စဉ်က ဖွဲ့ခဲ့ခြင်းဖြစ်သည်။ မီးလင်းဖိုကြီးများ၏ အပေါ် အဖြူရောင်နံရံတွင် “အလွမ်းကမ္ဘာ” “အမှတ်တမဲ့မှ အမှတ်တရသို့” “နင့်ကိုငါချစ်တယ်” စသည့် မီးသွေးခဲဖြင့် ရေးထားသည့် ခေတ်သစ်နံရံစာများကိုလည်း တွေ့မြင်ရ၍ ဟော်နန်းက အလွမ်းရေစီးကြောင်းကို စိတ်ကူးယဉ်မိသည်။
ဘေးဘက် အဆောင်များ၏ နံရံတချို့မှာ ဖြိုဖျက်ခံထားရပြီး ကြမ်းခင်းအောက်ခံ အုတ်များလည်း မရှိတော့ချေ။ ရှေးဟောင်းတွေ ရောင်းစားကောင်း၍ သင်္ချိုင်းဂူများကိုပင် ဖြိုဖျက်ကာ အုတ်များ တူးဖော်ရောင်းစားနေသည့် ခေတ်ကြီးတွင် ဟော်နန်း အုတ်တိုက်ကြီး၏ အခြေအနေမှာ အလွန်စိုးရိမ်စရာ ကောင်းသည်။
ရှမ်းအမျိုးသားကပ္ပိယကြီးက ဟော်ကုန်းမှ အောက်ဘက် အဝေးတနေရာသို့ ကြည့်ကာ နှမြောတသသော မျက်နှာဖြင့် ဤကား ရေကန်၊ ဟိုကား စော်ဘွားမြင်းကွင်းစသဖြင့် ရှမ်းလိုတမျိုး၊ မြန်မာလိုတဖုံ ရှင်းပြနေစဉ် နံဘေးရှိ ချုံများကို တိုးဝှေ့လာသည့် အစိမ်းရောင် အကျီဝတ်ဆင်ထားသည့် လူတယောက်ကို ရုတ်တရက်မြင်လိုက်ရ၍ အားလုံး အံအားသင့်သွား၏။
ရှမ်းဘာသာဖြင့် မေးမြန်းသည့်အခါ ဖြေကြားခြင်းမရှိ။ တောအတွင်း ပြန်လှည့် ပြေးဝင် ပျောက်ကွယ် သွားလေသည်။ တောထဲကလူ လော၊ စစ်သားလော၊ ရွာသားလော မကွဲပြားပေ။ ဆရာမြသန်းတင့်၏ လွမ်းမောဘွယ်ကမ္ဘောဇ မှ ဟော်နန်းအစောင့်ကို သူပုန်များက ပစ်သတ်လိုက်ဖူးသည်ဆိုသည်ကို အမှတ်မထင် သွား၍ သတိရလိုက်မိသေး။
နေ့အလင်းရောင်သည် တဖြည်းဖြည်း နည်းလာပြီ။ အချိန်က လင့်လာလေပြီ။ လေ့လာမှုကို အဆုံးသတ်ပြီး သမိုင်းအရ တူးဆွမှုကို မြို့ပေါ်က အထောက်အထားတွေ ပေါ်မှာ ဆက်လက်လုပ်ဆောင်ရန် လာလမ်းအတိုင်း ပြန်ခဲ့ကြသည်။
စခန်းသာဟော်သည် ၁၉၀၀ပြည်နှစ်က စ တည်ဆောက်ခဲ့ရာ ယနေ့ဆိုလျှင် သက်တမ်း ၁၁၃ နှစ် တိုင်ပြီ။ ထိုစဉ်က စော်ဘွား ဆာစောချယ်နှင့် သားဖြစ်သူ စောအုံကြာတို့က နောက်လိုက်နောက်ပါ အခြွေအရံများဖြင့် သီပေါနွေ၏ အပူဒဏ်ကိုရှောင်ရန် ရည်ရွယ်၍ တောင်ပေါ်မြို့ကလေးအဖြစ် တည်ထားခဲ့ခြင်းဖြစ်ပြီး အင်္ဂလိပ်အစိုးရ မီးရထားဌာနဘက်ကလည်း စခန်းသာ၌ ဘူတာလေးတခု ဖွင့်လှစ် ပေးခဲ့သည်။
၁၉၃၃ ခုနှစ်က ကျိုင်းတုံကျမိုင်း(စော်ဘွားလေး)နှင့် သီပေါစော်ဘွား ဆာစောချယ်၏ ညီ စောလူးမှမွေး သော စောအုံးညွန့်တို့၏ လက်ထပ်ပွဲကို စခန်းသာ မြင်းကွင်းတွင် ထီးဖြူရုံကြီးဆောက်ကာ ဒေါ်စောမြအေးကြည် ဦးစီးသည့် အချောအလှ ဟော်နန်း ပျိုဖြူ များ၏ ဂီတနှင့်အက ဖြေဖျော်မှု အပါအ၀င် ပွဲလမ်းသဘင်များနှင့် ခမ်းခမ်းနားနား ကျင်းပခဲ့ကြောင်း လူထုဦးလှ၏ “ကျွန်တော်မြင်းသမား” စာအုပ်၌ ဆိုထား၏။
လက်ထပ်ပွဲတွင် သီပေါစော်ဘွားစောအုံကြာနှင့် ဥရောပတိုက်သားမျက်နှာဖြူများ၊ လူကုံတန်များသည် ညစာစားပွဲများ၊ ကပွဲများ၊ ၃၆ ကောင်ပွဲများနှင့် ပျော်ရွင်ခဲ့မည်။
မြန်မာပြည်သို့ ဒုတိယကမ္ဘာစစ်ရောက်လာသည့်အခါ ဂျပန်တပ်များ၏ လက်ချက်ဖြင့် ဟော်နန်း၏ ဘယ်ဘက်ခြမ်း မီးစွဲလောင်ခဲ့သော်လည်း ကျန် အဆောက်အဦများမှာ အကောင်းပကတိ ကျန်ရှိခဲ့၏။
နောက်ဆုံး သီပေါစော်ဘွား စ၀်ကြာဆိုင်လက်ထက်တွင် ပြန်ပြင်ရန် ကြိုးစားခဲ့သေးသည်။ သို့သော် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး နေ၀င်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီက အာဏာသိမ်းခဲ့ရာတွင် စ၀်ကြာဆိုင် အဖမ်းခံရသည့် နောက်ပိုင်း စစ်တပ်များ တပ်စွဲထားသည့်အတွက် ဤနေရာသို့ မည်သူမျှ သွားရောက်ခွင့်မရှိ တော့ပေ။ အဖမ်းခံရပြီး နောက်ပိုင်း စဝ်ကြာဆိုင် ပျောက်ဆုံးသွားခဲ့ရာ  ဗထူး တပ်မြို့တွင်  သုတ်သင်ခံခဲ့ရနိုင်သည်ဟု ယူဆချက်များရှိသည်။
စခန်းသာဟော်ကို မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက်မှာတော့ မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် ဘိန်းဖြတ် စခန်းအဖြစ် အသုံးပြုခဲ့ဖူးသည်မှ အပ စွန့်ပစ်ခံထားရသည်မှာ ကြာပြီဖြစ်သည်။
သို့သော် သမိုင်းဘီးတပတ်လည်ခြင်းလောဟု မေးခွန်းထုတ်စရာပင်။ ရှမ်းပြည်တွင် စော်ဘွားများသည် အင်္ဂလိပ်လက်ထက်မှ အာဏာစွန့်ချိန် ၁၉၅၉ ခုနှစ်အထိ ပဒေသရာဇ်၊ နယ်ရှင်ပယ်ရှင်များဖြစ်ပြီး သားစဉ်မြေးဆက် အုပ်ချုပ်ခဲ့သူများအဖြစ် နေထိုင်ခဲ့ကြသည်။
လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် နိုင်ငံရေးအမြင်တိုးတက်လာသော ရှမ်းပြည်သူများ၏ ဆန့်ကျင်တော်လှန်ခြင်းကို ခံခဲ့ရပြီး အာဏာစွန့်ခဲ့ကြသည်။ သို့သော် ပဒေသရာဇ်စနစ်ထက် ဆိုးရွားသည့် စစ်အာဏာရှင်စနစ်ကို ကြုံတွေ့ရသောအခါ လူထုသည် စော်ဘွားများ၏ ရွှေခေတ်ကို တမ်းတကြပြန်သည်။
သီပေါ်စော်ဘွား၏ စခန်းသာဟော်နန်းကတော့ ၅၁ နှစ်ကြာ စွန့်ပစ်ခံထားရသောကြောင့် ယခုအခါ အပျက်အစီးများဖြင့်။ တခြမ်းပဲ့နေသည့် ဒေါင်းရုပ်က သမိုင်းတွင် ရွှေရောင်လွှမ်းသော နေ့များကို ထင်ဟပ်ပြနေသည်။
လက်ရှိ သီပေါစော်ဘွား၏ မျိုးနွယ်များအနေဖြင့်လည်း စခန်းသာဟော်ကို ပြန်လည်ပြုပြင်နိုင်ခြင်း မရှိတော့ပေ။ ရှမ်းစော်ဘွားများ၏ ဟော်နန်းတော်များ ကံမကောင်း။ ရှမ်းစော်ဘွားများထဲမှ တဦးဖြစ်သည့် ကျိုင်းတုံစော်ဘွား၏ ဟော်နန်းသည်လည်း စစ်အစိုးရလက်ထက် ၁၉၉၁ ခုနှစ်တွင် ဖြိုဖျက်ခံခဲ့ရသည်။ ညောင်ရွှေ ဟော်သည်လည်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထိန်းသိမ်းထားပြီး မိသားစုလက်သို့ ယခုတိုင် မရောက်သေးပေ။
နေထွက်ဘုရင် မြန်မာမင်းများ စံမြန်းရာ မန္တလေး ရတနာပုံ၊ ရွှေဘို စသည့် နန်းတော်များမှ အစ ပုဂံခေတ်၊ ပျူ ခေတ်တိုင် သမိုင်း ယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်နေသည့်အချိန်တွင် နေ၀င်ဘုရင် ရှမ်းစော်ဘွားများ၏ ဟော်နန်းများကိုလည်း ၀ိုင်းဝန်း ပြုပြင်ကာ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်လျှင် သမိုင်းတန်ဘိုးသာမက တိုးတက်လာမည့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် အကျိုးရှိရှိ အသုံးချနိုင်မည်ဟု ထင်မြင်မိပါသည်။
အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အချိန်ကာလ ဖြစ်နေသောကြောင့် ရှမ်းတိုင်းရင်းသားများ၏သမိုင်းအမွေအနှစ်များ သက်ဆိုင်သူများလက်တွင် ပြန်လည်ထိန်းသိမ်းခွင့် ပေးအပ်သင့်ပါသည်။ အမြန်ဆုံး လုပ်ဆောင်သင့်သည်မှာ နယ်မြေငြိမ်းချမ်းရေး တိုက်ပွဲများ ရပ်သင့်ပြီ။ ခါးသီးသော အတိတ်ဒဏ်ရာများ ဖြေသိမ့်သင့်ပြီ။ ပြည်တွင်းစစ်တွင် အချင်းချင်း တိုက်ခိုက် သတ်ဖြတ်ရင်း ဆင်းရဲဒုက္ခတွင်းထဲမှ ရုန်းလွတ်သင့်ပါပြီ။

                                           
                                                                          ရောမခေတ်ဟန်တိုင်များတွင် ပုံဖော်ထားသည့် ပန်းကနုတ်လက်ရာ (ဓာတ်ပုံ - တေဇာလှိုင် / ဧရာဝတီ)

                                             
                                                                        အမိုးဗလာဖြစ်နေသည့် စံနန်း အလယ်ခန်းမ (ဓာတ်ပုံ - တေဇာလှိုင် / ဧရာဝတီ)


                                                                       အမိုးဗလာဖြစ်နေသည့် စံနန်း အလယ်ခန်းမ (ဓာတ်ပုံ - တေဇာလှိုင် / ဧရာဝတီ)

                                                   
                                                                      ချုံများ ဖုံးလွှမ်းနေသည့် ဟော်နန်းအတွင်းဘက် (ဓာတ်ပုံ - တေဇာလှိုင် / ဧရာဝတီ)

                                           
                                                          အရှေ့နှင့် အနောက်ပေါင်းစပ်ထားသည့် ဗိသုကာလက်ရာဖြင့် ပုံဖော်ထားသည့် ယက်မနှင့် တိုင်လုံးများ (ဓာတ်ပုံ - တေဇာလှိုင် / ဧရာဝတီ)

                                                       
                                                                   အဝေးမှမြင်ရသည့် ချုံများဖုံးနေသည့် စခန်းသာဟော် (ဓာတ်ပုံ - တေဇာလှိုင် / ဧရာဝတီ)

                                             
                                                             စခန်းသာအုပ်စု မြင်းကွင်းကျေးရွာ တောရကျောင်းသို့ လမ်းညွန်ဆိုင်းဘုတ် (ဓာတ်ပုံ - ရန်ပိုင် / ဧရာဝတီ)

                                         
                                                                         တောရ ဘုန်းကြီးကျောင်းဝင်းထဲက ညောင်ပင်ကြီး (ဓာတ်ပုံ - ရန်ပိုင် / ဧရာဝတီ)


                                         
                                                         ဟော်နန်းများ ပုံဖြင့် အမှတ်ရ ထုတ်ဝေထားသည့် ပြက္ခဒိန် (ဓာတ်ပုံ - ရန်ပိုင် / ဧရာဝတီ)

                                       
                                                                       ဟော်သို့ လိုက်ပို့သည့် လမ်းပြနှစ်ဦး (ဓာတ်ပုံ - ရန်ပိုင် / ဧရာဝတီ)

                                 
                                                                        ဟော်သို့ လိုက်ပို့သည့် လမ်းပြနှစ်ဦး (ဓာတ်ပုံ - ရန်ပိုင် / ဧရာဝတီ)

                                           

                          စခန်းသာလွင်ပြင်ကို ၀န်းရံထားသည့် ရှမ်းရိုးမနှင့် စိမ်းစိုနေသည့် သဘာဝအလှ (ဓာတ်ပုံ - ရန်ပိုင် / ဧရာဝတီ)

ဧရာဝတီ ဘလော့အား ကျေးဇူးတင်ရှိအပ်ပါသည်။

Monday, October 7, 2013

ချင်းတိုင်းရင်းသားများနှင့် ချင်းအမျိုးသားနေ့ သမိုင်းအကျဉ်း

ဒေါက်တာတင်မောင်ထွေး (သမိုင်း သုသေသီ) -
ပြည်ထောင်စုနွယ်ဘွားချင်းတိုင်းရင်းသားတို့သည် အခြားသော ညီနောင်တိုင်းရင်းသားများကဲ့သို့ ယင်းတို့၏ နောက်ခံ သမိုင်းကြောင်း၊ လူနေမှုဘ၀ပုံစံ၊ ယုံကြည် ကိုးကွယ်မှု၊ ရိုးရာပွဲတော်များ၊ လူမှု ဓလေ့ထုံးစံများနှင့် စာပေအနုသုခုမများ တို့ ရှိသည်။
ချင်းတိုင်းရင်းသားများ ပေါ်ပေါက်လာပုံနှင့် ပါတ်သက်၍ ပညာရှင်များကြားတွင် ကွဲလွဲမှုများရှိသည်။ ပညာရှင် အချို့က ချင်းတိုင်းရင်းသားတို့သည် မွန်ဂိုလီယန်းအနွယ် တိဗက် – ဗမာအုပ်စုဝင်” သက်” လူမျိုးစုမှ လည်းကောင်း၊ အရှေ့တီဗက် – ဗမာ အုပ်စုမှ လည်းကောင်း၊ အနောက် တိဗက် – မြန်မာ အုပ်စုမှ လည်းကောင်း ဆင်းသက် လာသည်ဟူသော မတူညီတဲ့ ယူဆချက်များလည်းရှိသည်။ ထို့အပြင် ချင်းလူမျိုးတို့သည် ပြည်ထောင်စု မြန်မာနိုင်ငံတွင် နေထိုင်ကြသော တိုင်းရင်းသားမျိုးနွယ်စုများ၏ မူရင်းမျိုးနွယ်စုဖြစ်သော ချီအငယ့် Chiang မျိုးနွယ်စုမှ ဆင်းသက်လာ သည်ဟူသော ယူဆ ချက်လည်း ရှိသေးသည်။ အချို့သော ချင်းသမိုင်းသုသေသီတို့ကမူ ချင်းလူမျိုးတို့သည် တရုတ်ပြည် ခူလ် ( Khul) ( ဂူ) မှ စတင်ပေါက်ဖွားလာသည်ဟု ဆိုသည်။ မည်သို့ပင်ဆိုဖြစ်စေ ချင်းတောင်တွင် နေထိုင်ကြသော ချင်းလူမျိုးတို့သည် မိမိတို့ အစုကို အမည်အမျိုးမျိုးနှင့် ခေါ်ကြပြီး သီးခြားမျိုးနွယ်များဟု ယုံကြည်ကြသည်။ သို့သော် အားလုံးသည် တခု တည်းသော မျိုးနွယ်စုမှ ဆင်းသက်လာကြသည်။ တနည်းအားဖြင့် ချင်းတိုင်းရင်းသားတို့သည် တောင်ပေါ်နေ လူမျိုးနွယ် များဖြစ်ကြပြီး တိဗက် – ဗမာ ပင်မ ဘာသာစကားကြီး၏ ဒေသန္တရ ဘာသာစကားကွဲမျိုးစုံကို ပြောကြပြီး မိမိတို့၏ အမည် ကို အမျိုးမျိုး မှည့်ခေါ်ကြသူများဖြစ်သည်။ ယင်းတို့၏ ဖွဲ့စည်းအုပ်ချုပ်မှုဖွဲ့စည်းပုံ၊ တောင်ယာစပါးစိုက်ပျိုးနည်း၊ ဓလေ့ထုံးစံများ၊ အမူအ ရာ အသွင်အပြင်များ၊ ယုံကြည်ကိုးကွယ်မှု နှင့် စွဲလန်းမှုအားလုံး၏ တူညီမှုတို့က တမျိုး နွယ်တည်းဖြစ် သည်ဟု သာဓက ပြလျက် ရှိနေသည်။

ကျွန်ုပ်တို့ မြန်မာနိုင်ငံသမိုင်းစဉ်တွင် ကြီးကျယ်ခမ်းနားသော ယဉ်ကျေးမှု အစဉ်အလာကောင်းတို့ပေါ်ထွန်းစေခဲ့သည့် ပုဂံခေတ် ( ခရစ်နှစ် ၉ ရာစုမှ ၁၃ ရာစုထိ) မြန်မာနိုင်ငံကို ထိုခေတ်တိုင်းရင်းသားလူမျိုးပေါင်းစုံတို့က စည်းလုံးညီညွတ် စွာဖြင့် တည်ထောင်ခဲ့ကြသည်။ ယင်းတိုင်းရင်းသားများထဲတွင် ချင်းတိုင်းရင်းသားများလည်း ပါဝင်ခဲ့သည်၊ မဟာရာဇ၀င် တော်ကြီး (ပ) တွင် အနော်ရထာမင်း ဟအနိရုဒ္ဒ ( ခရစ်နှစ် ၁၀၄၄ – ၁၀၇၇) လက်ထက်နိုင်ငံ အကျယ်အ၀န်း ကိုဖော်ပြရာ တွင်— အနောက်သို့လားသော် ပဍိက္ကရားလ- မည် ကုလားပြည်လျှင် အခြားတည့် ဟု ပါရှိသည်။ ထို့အပြင် သြီတြိဘုဝ နာဒိတျာပ၀ရ ပဏ္ဍိတဓမ္မရာဇာနရတိဘွဲ့ခံ ဒုတိယစည်သူမင်း ( ခရစ်နှစ် ၁၁၆၅ – ၁၂၁၁) လက်ထက်သက္ကရာဇ် ၅၅၈ ( ခရစ်နှစ် ၁၁၉၆) ခုနှစ် ထိုးဓမ္မရာဇိက ကျောက်စာတွင် အရိမဒ္ဒနပူရ ( ပုဂံ) ပြည်၏ နယ်နမိတ်အပိုင်းအခြားတွင် — အ နောက်ကား မစ္ဆကရီ (မစ္ဆဂီရိ) ပတိက္ကာ ( ပဋိက္ကရား)  ဟု ရေးထိုးထားသည်။ ( ဓမ္မရာဇိက ကျောက်စာ မျက်နှာ ဖက် ကြောင်းရေ ၆- ၁၀) ပဋိက္ကရားပြည်သည် စစ်တကောင်းမြို့၏ မြောက်ဖက်၊ မဏိပူရ ကသည်းပြည်၏ အနောက် တောင်ဖက်၊ ယခုခေတ် ကိုမီလာ ( Comilla) မြို့၏ အရှေ့ဖက်တွင် ရှေးအခါက ထွန်းကတိပ်ပရားထ ( Tipperah) ဒေသ ပင်ဖြစ်သည်။ ( Than Tun, Dr, RO B Vol.X, P.116) ထို့အပြင် မစ္စဂီရိ ( မစ္ဆ= ငါး၊ ဂီရိ = တောင်) သည် ယခု သရက်ခရိုင်၏ ၀န်းကျင်ဒေသဖြစ်သော ဧရာဝတီမြစ်အနောက်ဖက်ရှိ တောင်စဉ်တောင်တန်းဒေသဖြစ်ပြီး ထိုအချိန်က သက်လူမျိုးများနေထိုင်ရာ ဒေသဖြစ်နိုင်သည်။ တနည်းအားဖြင့် ဆိုသော် ချင်းတောင်တန်းဒေသသည် ပုဂံခေတ်မှစ၍ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နယ်နိမိတ်အစိတ်အပိုင်းတစ်ရပ်အဖြစ်တည်ရှိနေသည်။ ပုဂံခေတ်၊ အင်းဝခေတ် ( ခရစ် နှစ် ၁၃ ရာစုမှ ၁၅ ရာစုထိ)၊ ကုန်းဘောင်ခေတ်( ခရစ်နှစ် ၁၈ ရာစုမှ ၁၉ ရာစုထိ) ကျောက်စာ အထောက်အထားများအရ ချင်းဟူသောဝေါဟာရအမည်သည် ဗမာတိုင်းရင်းသားများက ခေါ်ဝေါ်သော အမည်နာမပင်ဖြစ်သည်။ချင်းလူမျိုးများသည် မြန်မာနိုင်ငံ၏ တောင်ပေါ်ဒေသနှင့် မြေပြန့်ဒေသများ၌ ရှေးပဝေသဏီကပင်နေထိုင်ခဲ့ကြပြီး ယင်းတို့ နေထိုင်ရာ ဒေသသည် တောတောင်ထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ဘာသာစကားနှင့် ဓလေ့ထုံးတမ်းစဉ် လာများအနည်းငယ်ကွဲပြားလာကာ ဒေသအလိုက် မိမိတို့ ကိုယ် မိမိတို့ အခေါ်အဝေါ်များ ကွဲပြားလာခဲ့သည်။

တောင်ပေါ် ဒေသ နေချင်းတို့အနက် တီးတိန်နှင့် တွန်းဇံနယ်တွင် နေထိုင်ကြသူများက မိမိတို့ကိုယ်ကို ဇို (Zo)၊ ယို ( Yao) ဟု ခေါ်ဆိုရာမှ ဇိုမီး (Zomi) ဟု အချင်းချင်းခေါ်ဆိုကြသည်။ ဖလမ်း၊ ဟားခါး၊ ထန်တလန်နယ်တွင် နေုထိုင်ကြ သူများက လိုင် ( Lai) ၊လိုင်ဇို ( Laizo) ဟု ခေါ်ဆိုရာမှ လိုင်မီး ( Laimi)ဟု ခေါ်တွင်ကြသည်။ မင်းတပ်၊ ကန်ပ လက်နယ်များတွင်မူ ချို (Cho, Chou)၊ ချော ( Chhaw) ဟု ခေါ်ဆိုကြသည်။ ပလက်ဝနယ်တွင် ခူ ( Khu), ခူမီ( khumi), ခမီ(Khami) ဟူ၍ ဆင်တူယိုးမှား အမည်များသုံးစွဲခေါ်ဝေါ်ကြ၏၊ မြေပြန့်ဒေသသရက်၊ သံတွဲ၊ မြေထဲ( အောင်လံ)၊ မင်းဘူး၊ တောင်တွင်းကြီး၊ နတ်မောက်၊ ပျဉ်းမနားမြို့စသော မြို့နယ်များတွင် နေထိုင်သော ချင်းလူမျိုးများသည် မိမိတို့ကိုယ်ကို အရှို ( Asho) ဟု ခေါ်ဆိုကြသည်။ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ငဖဲနယ်များတွင် ယော( Yaw), ချော( Chhaw), ကျော ( Kyaw), စော ( Saw) စသည်ဖြင့် အမျိုးမျိုးမှည့်ခေါ်ကြသည်။ ထို့အပြင် အခြားသော တိုင်းရင်းသား များကလည်း ချင်းလူမျိုးတို့အား အမည်အမျိုးမျိုးခေါ်ဆိုကြပြန်သည်။ ရှမ်းနှင့် ကချင်တိုင်းရင်းသားများကမူ ချင်းတို့ကို ချန်း ( Chang), ခန်း ( Khang) ဟု ခေါ်ဆိုကြသည်။ ကရင် နှင့် ရခိုင်တိုင်းရင်းသးတို့က ချော( Chhaw) ဟု ခေါ်စမှတ် ပြုကြသည်။ မွန်တိုင်းရင်းသားများကမူ ချီယဲန်း ( Chiang), ခယဲန်း ( Khyeng) ဟု ခေါ်ဆိုကြသည်။

ချင်းလူမျိုးတို့သည် ဘီစီ ၆၀၀ ခန့်လောက်တွင် တိဗက်မှ ဟိုမြစ်ကြောင်း အတိုင်းဟူးကောင်းချိုင့်ဝှမ်းကို ဖြတ်၍ ချင်းတွင်း မြစ်ကြောင်း တလျှောက်၊ ထိုမှ တဆင့် အရှေ့ဖက်လှည့်၍ တကောင်းမြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ အခြားတဖွဲ့မှာ ချင်းတွင်းမြစ်နှင့်ဧရာဝတီမြစ်ဆုံမှ ချိုင့်ဝှမ်းအောက်ပိုင်းသို့ ဆက်လက်ဆင်းသက်လာကြပြီး လူဦးရေများပြားလာသည်။ ချင်းတွင်းဆိုသည်မှာ ချင်းအမျိုးသားများ၏ ဌာနေ ( The Home of the Chin) ဟု အဓိပါယ်ရ၏၊ ယင်းဒေသရှိ ချင်းလူမျိုး များအား အစွဲပြု၍ ယခင်သလ္လာဝတီမြစ်ကို နောက်ပိုင်းတွင် ချင်းတွင်းမြစ်ဟု အစားတွင်လာသည်။ သမိုင်းမှတ် တမ်းအချို့ အရ ဆိုသော် ချင်းမျိုးနွယ်တို့သည် ဘီစီ ၁၀၀ ခန့်ကာလမှစ၍ ပုဂံဒေသ၊ မင်းတိုင်ပင်၊ မုံရွာ၊ ဒီပဲရင်း၊ ပုလဲ၊ သရက်၊ အောင်လံ၊ မင်းဘူး၊ မင်းတုန်း၊ တောင်တွင်းကြီး၊ပုပါး စသော ဒေသ အနှံ့အပြားတွင် နေထိုင်ခဲ့ကြကြောင်း တွေ့ရသည်။ အေဒီ ၈ ရာစုခန့်တွင် သလ္လာဝတီမြစ်နှင့် ဧရာဝတီမြစ်ဆုံအရပ်တွင် အလုံးအရင်းနှင့် နေထိုင်ခဲ့ပြီး ချင်းတွင်း ဟူသော အမည်တွင်ခဲ့သည်။ အေဒီ ၈၃၅ တွင် ချင်းတွင်းဒေသရှိ ရှို မြို့တော်ကို တရုတ်ပြည်၊ ယူနန်နယ်မှ နန်ချို ဘုရင့် တပ်များက ၀င်ရောက်တိုက်ခိုက်ဖျက်ဆီးခဲ့သည်။ ခရစ်နှစ် ၁၄၄၉ ခုနှစ်တွင် တရုတ်စစ်သူကြီး ၀မ်ချိ ( Wang- Chi) သည် ရှမ်းတို့အား တိုက်ခိုက်အောင်မြင်ကာ မိုးညှင်းမြို့တော်ကို သိမ်းပိုက်လိုက်၏၊ တရုတ်ရန်ကြောင့် ဧရာဝတီအနောက်ဖက် ကမ်းသို့ထွက် ပြေးလာသော ရှမ်းတို့သည် အခြေစိုက်နေထိုင်ရန်နေရာမရှိသောကြောင့် ပတ်ကွိုင်တောင်တန်း တစ် လျှောက် တက်သွား ရာမှ အသံပြည်ကို သိမ်းပိုက်ကာ အဟုမ်မင်းဆက်တည်ထောင်နိုင်ခဲ့သည်။ ခရစ်နှစ် ၁၅၂၇ ခုနှစ်တွင် အင်အားကြီးမား လာပြီးဖြစ်သော ရှမ်းများက အင်းဝမြို့တော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်လေတော့သည်။

ယင်းကဲ့သို့သော မောရှမ်းတို့၏ စစ်ရေးစစ်ရာ လှုပ်ရှားမှုများသည် ချင်းတွင်းချိုင့်ဝှမ်းဒေသရှိ ချင်းများ၏ ငြိမ်ဝပ်ပိပြား ရေးကို မငြိမ်မသက်ဖြစ်စေသည်။ ထို့ကြောင့် ခရစ်နှစ် ၁၄ ရာစုနှင့် ၁၅ ရာစုနှစ်များတွင် ချင်းလူမျိုးများသည် ချင်းတွင်း ဒေသမှ စွန့်ခွါလျက် ချင်းတွင်းမြစ်ဖျားဒေသမှ အောက်ဖက် ဘင်္ဂလားပင်လယ်အော်ကမ်းခြေအထိ ရောက်သော အနောက် ရိုးမ တောင်တန်းဒေသများသို့ ရွှေ့ပြောင်းသွားကြဟု ယူဆကြသည်။ ထို့ကြောင့် ချင်းတိုင်းရင်းသားတို့သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက အစပြု၍ ဤပြည်ထောင်စုမြေပေါ်၌ အတူတကွ နေထိုင်လာခဲ့ကြသော သွေးရင်းညီရင်းအ ကိုများပင် ဖြစ်ကြပေသည်။

သွေးရင်းညီအကိုများဖြစ်ကြသော ချင်းတိုင်းရင်းသား တို့တွင် အထွဋ်အမြတ် အလေးအနက် ထားသော ချင်းအမျိုးသား နေ့ရှိသည်။ ချင်းအမျိုးသားနေ့သည် ကျဉ်းမြောင်းသော အမျိုးသားရေးစိတ်ဓါတ်၏ မတော်တဆ ဖြစ်ပေါ်မှုမဟုတ်ပါ။ လွတ်လပ်ရေး၊ စည်းလုံးညီညွတ်ရေး၊ အမျိုးသားရေးတန်းတူ ညီမျှရေးနှင့် ဒီမိုကရေစီရေး စသည့် နက်နဲကျယ်ဝန်းသော သမိုင်းကြောင်းအရ ပေါ်ပေါက်လာခြင်းပင်ဖြစ်သည်။ ထို့အပြင် နယ်ချဲ့ဆန့်ကျင်ရေးအမျိုးသားလှုပ်ရှားမှုများနှင့် လည်း ဆက်နွယ်နေသည်။ ခရစ်နှစ် ၁၈၂၆ ပထမအင်္ဂလိပ်- မြန်မာ စစ်ပွဲ အပြီးတွင် ရခိုင်ဒေသကို အင်္ဂလိပ်တပ်များ သိမ်းပိုက် ထားရာ နယ်ချဲ့အင်္ဂလိပ်တို့အား ပလက်ဝနယ်မှ ခမီးချင်းများ ခုခံတော်လှန်ကြသည်။ လက်နက်အင်အား လူအင်အား မမျှသဖြင့် ပလက်ဝနယ်မြေတခုလုံးနယ်ချဲ့အင်္ဂလိပ်သြဇာခံဖြစ်ခဲ့သည်။ ခရစ်နှစ် ၁၈၈၆ ခုနှစ်တွင် မြန်မာတ နိုင်ငံလုံးကို အင်္ဂလိပ်တို့သိမ်းပိုက်စဉ်က မြန်မာပြည်အနှံ့အပြား ညီနောင် တိုင်းရင်းသားများအားလုံး နယ်ချဲ့အင်္ဂလိပ်တို့ အား ခုခံတော်လှန်ခဲ့ကြသည်။ ယင်းသို့ ခုခံတော်လှန်ခဲ့ကြသော ညီနောင် တိုင်းရင်းသားများထဲတွင် ချင်းတိုင်းရင်းသား များလည်း ပါဝင်ခဲ့ကြသည်။ ထင်ရှားသော ချင်းတော်လှန်ရေးခေါင်း ဆောင်များမှာ တောင်ပိုင်း ချင်းတောင်ဒေသတွင် မင်းတပ်ချိုးချင်း အမျိုးသားခေါင်းဆောင် ဦး ကီးရောက်နိန်း မြောက်ပိုင်း ချင်းတောင်ဒေသတွင် တာ့ရွှန်းအမျိုးသား ခေါင်းဆောင် ဦးစွန်ဘိက်၊ ထုတ်လှိုင်မှ ခေါင်းဆောင်ကြီး ဦးခိုင်ကမ်း၊ စစ်သည်စာဆို ဦးခုပ်လျံ၊ မွန်မံရွာသား ဦးကမ်စွက် နှင့် တီးတိန်မြို့နယ်ကပ်တဲလ်ရွာသား ဗိုလ် ကိုင်တွတို့ဖြစ်သည်။

အင်္ဂလိပ်တို့သည် ချင်းပြည်နယ်ကို ၁၈၉၂ ခုနှစ်တွင် သိမ်းပိုက်နိုင်ခဲ့သော်လည်း ၁၈၉၆ ခုနှစ်တွင်သာ ချင်းတောင်များ စည်းမျဉ်းဥပဒေပြဌာန်း၍ အုပ်ချုပ်ခဲ့သည်။  ဗြိတိသျှနယ်ချဲ့သမားများသည် ချင်းလူမျိုးတို့အား တပေါင်းတစည်းတည်း မထားရှိပဲ သွေးခွဲ အုပ်ချုပ်ရေးစနစ်အရ -
(၁) ချင်းတောင်များဒေသ( ဖလမ်းနယ်၊ တီးတိန်နယ်၊ ဟားခါးနယ်)၊
(၂) ပခုက္ကူတောင်တန်း ဒေသ
(၃) ရခိုင်မြောက်ပိုင်းဒေသဟူ၍ တသီးတခြားစီ ခွဲခြားအုပ်ချုပ်ခဲ့သည်။
ချင်းတောင်များ ဒေသကို ဖလမ်းမြို့၌ ရုံးစိုက်သော  ခရိုင်ဝန် တယောက်က အုပ်ချုပ်ခဲ့သည်။ ပခုက္ကူတောင်တန်းဒေသကို မကွေးတိုင်းမင်းကြီးက တိုက်ရိုက်အုပ်ချုပ်ခဲ့သည်။ ရခိုင်မြောက်ပိုင်းဒသ၏ အုပ်ချုပ်ရေးအရပ်ရပ်ကို စစ်တွေမြို့ရှိ တိုင်းမင်းကြီးက အုပ်ချုပ်ခဲ့သည်။

ချင်းတိုင်းရင်းသားတို့နိုင်ငံရေးနိုးကြားမှုသည် ၁၉၁၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့တွင် မေမြို့(ပြင်ဦးလွင်)၌ ဖွဲ့စည်းသည့် ချင်းအမျိုးသားများ ပညာမြှင့်တင်ရေးအဖွဲ့ဖွဲ့စည်းရာမှ စတင်ခဲ့သည်။ ( နှစ် ၅၀ ချင်းအမျိုးသားနေ့ ရွှေရတု သဘင်လက်ကမ်းစာစောင်) ထို့ကြောင့် ၁၉၁၈ ခုနှစ် ဖေဖေါ်ဝါရီ (၂၀) ရက်နေ့သည် ချင်းအမျိုးသားတို့အတွက် အရေးပါ သော နေ့တနေ့ဖြစ်သည်။ ၁၉၂၅ ခုနှစ် ဇွန် (၁) ရက်နေ့တွင် ဦးဝမ္မသူးမောင်းသည် ၀မ္မသူးရွာတွင် နေရှင်နယ် ( အမျိုးသား) ကျောင်းတည်ထောင်ကာ ကျောင်းဆရာဘ၀ဖြင့် နီးစပ်ရာ ချင်းအမျိုးသားများအား နိုင်ငံရေးလှို့ဝှက်စည်းရုံးမှု ကို စတင်ခဲ့သည်။  ၁၉၃၃ ခုနှစ် မတ်လ (၂၃) ရက်နှင့် (၂၄) ရက်နေ့များတွင် ချင်းမျိုးချစ်များဦးဆောင်သော ချင်းအမျိုး သားထု အစည်းအဝေး တရပ်ကို မင်းတပ်နယ်( ထိုစဉ် ကန်ပက်လက်နယ်) ၊ နှော်ချောင်းတိုက်၊ မုံးနူးရွာတွင် ကျင်းပကာ ချင်းအမျိုးသားများ ညီညွတ်ရေးအဖွဲ့( ခ မ ည ဖ) အမည်ဖြင့် ချင်းနိုင်ငံရေးအဖွဲ့အစည်းတရပ်ကို ဖွဲ့စည်းခဲ့ကြသည်။ အဖွဲ့ ၏ အဓိက ရည်ရွယ် ချက်မှာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး၊ ကိုလိုနီနယ်ချဲ့လက်အောက်ရှိ လူမျိုးအားလုံးလက်တွဲ၍ နယ်ချဲ့အရင်းရှင်စနစ်ကို တိုက်ဖျက်ရေးတို့ဖြစ်သည်။ ခမညဖသည် ၁၉၃၄ ခုနှစ် စက်တင်ဘာလ (၂၉) ရက်နေ့တွင် ယောချောင်းတိုက်၊ ၀ရဲရွာ၌ ပထမဦးဆုံးအကြိမ်နယ်လုံးကျွတ်ညီလာခံခေါ်ယူကာ အဖွဲ့၏ လုပ်ငန်းစဉ်များနှင့် နယ်ချဲ့ အစိုးရထံ တင်ပြတောင်းခံမည့် အချက်အလက်များကို ဆွေးနွေးဆုံးဖြတ်ကြသည်။ နယ်ချဲ့အစိုးရထံတောင်းဆိုမည့် အ ချက် (၉)ချက်မှာ -
(၁) တိုက်သူကြီး၊ ရွာသူကြီးများအား အာဏာရှင်ဆန်သော သြဇာအာဏာများ ပေးထားခြင်းကို အမြန်ဆုံးရုတ် သိမ်းပေး ရန်၊
(၂) ချင်းတောင်တွင် မြန်မာစာသင်ကြားခြင်းကို ပိတ်ပင်တားမြစ်သည့် အမိန့်ကို ချက်ချင်းရုတ်သိမ်း၍ အမြန်ဆုံးပြန် လည်သင်ကြားခွင့်ပြုရန်၊
(၃) ချင်းတောင်နယ်အတွင်း ကိုလိုနီအုပ်ချုပ်ရေးဥပဒေများ ကျင့်သုံးခြင်းကို ရပ်စဲ၍ ချင်းအမျိုးသားများပါဝင်ရေးဆွဲသည့် တရားဥပဒေသစ်တရပ်ကို ပြဌာန်းပေးရန်၊
(၄) တောင်တန်းဒေသများအား ခြွင်းချန်ထားသော နယ် အဖြစ် သတ်မှတ်ထားခြင်းကို အမြန်ဆုံးရုတ်သိမ်းရန်၊
(၅) မြန်မာပြည်မအား ၉၁ ဌာန အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်လျှင် ချင်းတောင်လည်း ၄င်းအတိုင်းအုပ်ချုပ်ရန်၊
(၆) မြန်မာပြည်မအား လွတ်လပ်ရေးးပေးသည်နှင့် တပြိုင်နက် ချင်းတောင်ကိုလည်း တပါတည်းလွတ်လပ်စေရန်၊
(၇) လောလောဆယ်ဘာသာရေးချုပ်ချယ်မှုများကိုရုတ်သိမ်းပေးရန်၊
(၈) ချင်းတောင်၏ လူမှုရေး၊ စီးပွားရေးတိုးတက်မှုများကို အမြန်ဆုံးဆောင်ရွက်ပေးရန် နှင့်
(၉) မြန်မာပြည်တိုင်းရင်းသားများအချင်းချင်းလွတ်လပ်စွာ သွားလာဆက်ဆံခွင့်ပေးရန်တို့ဖြစ်သည်။

ခမညဖကို ၁၉၃၉ ခုနှစ်တွင် ချင်းတောင်ညီညွတ်ရေးအဖွဲ့ဟု ပြောင်းလဲခေါ်ဆိုသည်။ ၄င်းအဖွဲ့သည် ဒို့ဗမာအစည်းအရုံး နှင့် ဖဆပလ အဖွဲ့ချုပ်တို့နှင့် ဆက်သွယ်ကာ ဗြိတိသျှဘုရင်ခံထံ ချင်းအမျိုးသားတို့၏ အခွင့်အရေးနှင့် နစ်နာချက်များကို တောင်းဆိုခဲ့ကြသည်။ မြန်မာပြည်ဘုရင်ခံက မကွေးတိုင်း ၀န်ရှင်တော်မင်းကြီး၊ မစ္စတာ မက္ကရီကင်အား ချင်းအမျိုးသား များ၏ တောင်းဆိုချက်များကို ဖြေကြားရန် ရေးသားပေးပို့ခဲ့သည်။ မစ္စတာ မက္ကရီကင်က ဖလမ်းအရေးပိုင် မစ္စတာ နီလာ၊ ကန်ပက်လက်နယ်ခြားဝန်ထောက်ဂျေဖူးညိုတို့နှင့် ချိန်းဆို၍ ကန်ပက်လက်မြို့သို့သွားခဲ့ကြသည်။ ၁၉၃၈ ခုနှစ်ဖေဖေါ် ၀ါရီလ ၂၀ ရက်နေ့တွင် ဦးဝမ္မသူးမောင်း ခေါင်းဆောင်သော ချင်းတောင်ညီညွတ်ရေးအဖွဲ့နှင့် လူထု ၃၀၀၀ ခန့်တက် ရောက်ခဲ့သည်။ မစ္စတာ မက္ကရီကင်က ချင်းတောင်ညီညွတ်ရေးအဖွဲ့၏ အရေးကြီးသော တောင်းဆိုချက်အချို့ကို မလိုက် လျောနိုင်ကြောင်း ဖတ်ကြားဖြေကြားရာ လူထုကြီးမှ လက်သီးလက်မောင်းတန်း၍ အော်ဟစ်ဆန္ဒပြကြသည်။ ဤသို့ မမျှော်လင့်ပဲ ချင်းအမျိုးသားတို့၏ ဆန္ဒပြ ကန့်ကွက်မှုကို ထိတ်လန့်တုန်လှုပ်ကာ ဆောမြို့သို့ ထွက်ပြေးကြသည်။ မကြာမီ ဗြိတိသျှတို့သည် ချင်းတောင်ညီညွတ်ရေးအဖွဲ့ကို မတရားအသင်း ကြေညာကာ ချင်းတောင်စည်းမျဉ်းဥပဒေပုဒ်မ – ၁၄ (၁)( ဃ) အရ ဦးဝမ္မသူးမောင်းနှင့် ချင်းခေါင်းဆောင် (၉)ဦးကို ၁၉၃၉ ခုနှစ် ဖေဖေါ်ဝါရီ (၂၀) တွင်ဖမ်းဆီးသည်။ ထို့အပြင် သတ္တမ သုတ်အထိ မျိုးချစ်ချင်း (၁၃၀) ကျော်ကို ဖမ်းဆီး၍ ဖလမ်း၊ တီးတိန်၊ ဟားခါး၊ မြင်းခြံ၊ ကသာနှင့် မန္တလေးထောင်များတွင် အကျဉ်းချခဲ့သည်။

၁၉၄၆ ခုနှစ် မတ်လတွင် ပထမပင်လုံညီလာခံကို ဗိုလ်ချုပ်အောင်ဆန်းနှင့် ချင်း၊ ကချင်၊ ရှမ်းခေါင်းဆောင်တို့ စည်းဝေးကြပြီး တိုင်းရင်းသားများအားလုံးညီညွတ်စွာ ပူးပေါင်း၍ လွတ်လပ်ရေး အရယူရန် ဆုံးဖြတ်ခဲ့ကြသည်။ ချင်း – ဗမာ ချစ်ကြည်ရေးညီလာခံကို ပခုက္ကူခရိုင် ထီးလင်းမြို့၌ ၁၉၄၇ ခုနှစ် မတ်လ (၃) ရက်နေ့မှ (၅) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့လေသည်။ ထိုညီလာခံသို့ ဗိုလ်ချုပ်အောင် ဆန်းကိုယ်တိုင်တက်ရောက်ရန် စီစဉ်ခဲ့သော်လည်း တာဝန်ဝတ္တရားများပြားလှသောကြောင့် ဗိုလ်ချုပ်ကိုယ်စား ဒီးဒုတ်ဦး ဘချိုတက်ရောက်ခဲ့သည်။ ချင်း- ဗမာ တိုင်းရင်းသားလူထု ၂၀၀၀၀ ကျော်နှင့် ချင်းပြည်သူ့ရဲဘော်ရဲမေများ ၂၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ ချင်း-ဗမာ ချစ်ကြည်ရေးကျောက်တိုင် စိုက်ထူခဲ့ရာ ဦး ၀မ္မသူးမောင်း နှင့် ဦးဘချိုတို့ပူးတွဲ၍ အုတ်မြစ်ချခဲ့ကြသည်။ ချင်းနှင့် ဗမာသည် ညီအကိုများသာဖြစ်၍ မည်သည့် အခါမျှ ချစ်ကြည်ရေး မပျက်ပြားနိုင်ကြောင်း သက်သေတည်သော အထိမ်း အမှတ် တရပ်ပင်ဖြစ်ပေတော့သည်။

၁၉၄၈ ခုနှစ် ဇန္န၀ါရီလ (၄) ရက်နေ့တွင် မြန်မာနိုင်ငံသည် ဗြိတိသျှ လက်အောက်မှ လွတ်လပ်ရေးရရှိခဲ့သည်။ ၁၉၄၇ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ အပိုဒ် – ၅၊ ချင်းဝိသေသတိုင်း အခန်း၊ ပုဒ်မ – ၁၉၆၊ ၁၉၇၊ ၁၉၈ တို့ အရ ချင်းရေးရာကောင်စီ၊ ချင်းရေးရာဌာနနှင့် ချင်းရေးရာဝန်ကြီးတို့ ပေါ်ပေါက်လာခဲ့ပါသည်။ ချင်းပြည်သူများအတွင်း နယ်ချဲ့ စနစ်ဟောင်း မလိုလားမှုများ ပိုမိုပြင်းထန်လာရာ ချင်းရေးရာဌာနက ၂၂၊ ၁၊ ၁၉၄၈ ခုနှစ်တွင် ၀န်ကြီးအဖွဲ့သို့ ချင်း တောင်စုံစမ်းရေးကော်မရှင်ဖွဲ့ပေးရန် တင်ပြခဲ့သဖြင့် ၅၊ ၂၊ ၁၉၄၈ တွင် ဖွဲ့စည်းခဲ့ပါသည်။ ၄င်းအဖွဲ့တွင် ဦး ၀မ္မသူးမောင်း၊ စည်သူ ဦးသိမ်းမောင် ( အေ – တီ – အမ်) နှင့် ဦး စိုးဝင်း ( အမျိုးသား ပညာဝန်ဟောင်း) တို့ ပါဝင်ကြသည်။
ကော်မရှင်သည် ၁၂၊ ၂၊ ၁၉၄၈ မှ ၂၃၊ ၂၊ ၁၉၄၈ အထိ စုံစမ်းပြီး ၂၂၊ ၉၊ ၁၉၄၈ ခုနှစ်တွင် ဗြူရိုကရေစီအုပ်ချုပ်ရေးကို ဖျက်သိမ်း၍ ခေတ်မီ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရန် နှင့် တိုက်သူကြီးများဖြင့် အုပ်ချုပ်သည့် စနစ်ကို မကျင့်သုံးရန်နှင့် မနစ်နာစေရန်ပင်စင်ထောက်ပံ့ကြေးအချို့ကို ဝေပုံကျ ပေးသင့်ကြောင်း ထောက်ခံတင်ပြခဲ့ကြသည်။

ယင်းအတောအတွင်း ၂၀ ၊ ၂၊ ၁၉၄၈ ခုနှစ်တွင် ဖလမ်းမြို့၌ ကျင်းပသော လူထု ၅၀၀၀ ကျော်တက်ရောက်သည့် အစည်း အဝေးတွင် ချင်းဝိသေသတိုင်းတွင် ဒီမိုကရေစီစနစ်နှင့်  အုပ်ချုပ်သည့် စနစ်ကို ကျင့်သုံးပြီး နယ်ချဲ့ အမွေစနစ်ဟောင်းကို ဖျက်သိမ်းရန် အဆိုကို အတည်ပြုဆုံးဖြတ်ခဲ့ကြသည်။ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးအတွက် ချင်းရေးရာကောင်စီက ၁၉၄၈ ခုနှစ် ချင်းဝိသေသတိုင်း ( ဥပဒေများ သက်ဆိုင်ခြင်း) အက်ဥပဒေကို ၁၂၊ ၁၀၊ ၁၉၄၈ ခုနှစ်တွင် ကျင်းပသည့် တိုင်းပြုပြည်ပြု လွှတ်တော် (ပါလီမန်) ညီလာခံက အက်ဥပဒေအဖြစ် အတည်ပြုဆုံးဖြတ်ခဲ့ပါသည်။ ဤ အက်ဥပဒေအရ ၁၈၉၆ ခုနှစ် ချင်းတောင်များ အက်ဥပဒေကို ဖျက်သိမ်းလိုက်သည်။ သို့ဖြစ်၍ ဦး ၀မ္မသူးမောင်း ခေါင်းဆောင်သော ချင်းအမျိုးသားများသည် နယ်ချဲ့တော်လှန်ရေး အဆက်ဆက်ကို ကိုယ်တိုင်ကိုယ်ကျ အနစ်နာခံခဲ့ရသည့် အတွက် ချင်းအမျိုးသားနေ့ သတ်မှတ် သင့်ကြောင်း အလေးအနက် ဆွေးနွေးခဲ့ကြသည်။

ချင်းအမျိုးသားနေ့အတွက် (၁) ၂၀၊ ၂၊ ၁၉၁၈ ခုနှစ် ချင်းအမျိုးသားပညာမြှင့်တင်ရေးအဖွဲ့ဖွဲ့စည်းခြင်း၊
(၂) ၂၀၊ ၂၊ ၁၉၃၈ ခုနှစ် ကန်ပက်လက်ဒါဘာပွဲကျင်းပခြင်း၊
(၃) ၂၀၊ ၂၊ ၁၉၄၈ ဖလမ်းမြို့လူထုအစည်းအဝေးကြီး၊
စသည့် သမိုင်းအစဉ်အလာအဆက်ဆက်တို့ကြောင့် ၁၉၅၀ ခုနှစ် အောက်တိုဘာ (၉) ရက်နေ့တွင် ချင်းရေးရာ ကောင်စီက ချင်းအမျိုးသားနေ့ကို နှစ်စဉ်ဖေဖေါ်ဝါရီ ရက်နေ့၌ ကျင်းပရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ ပထမဆုံးအကြိမ် ချင်းအမျိုးသားနေ့ကို ၂၀၊ ၂၊ ၁၉၅၁ ခုနှစ်တွင် မင်းတပ်မြို့၌ ကျင်းပခဲ့ရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၊ ပြည်နယ်ဝန်ကြီး အချို့ နှင့်ကိုယ်စားလှယ်များမှ တဆင့် ပြည်နယ်ဝန်ကြီးများ၏ သ၀ဏ်လွှာများ ကို သီးသန့်ပေးပို့ခဲ့ကြသည်။ ထို့နောက် နှစ်စဉ်နှစ်တိုင်း ချင်းအမျိုးသားနေ့ကို တွန်းဇံ၊ တီးတိန်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ပလက်ဝ၊ ကလေး၊ ပခုက္ကူ၊ ရန်ကုန်၊ မန္တလေး နှင့် အခြားမြို့များတွင် တချိန်တည်းကျင်းပလာခဲ့ကြရာ ယနေ့ထိတိုင်ပင်ဖြစ် ပါသည်။

၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၃၊ ၁၊ ၁၉၇၄ ခုနှစ်တွင် အတည်ပြုခဲ့ရာ ယင်းဥပဒေပုဒ်မ – ၃၀၊ ပုဒ်ခွဲ(ခ)၊ ချင်းဝိသေသတိုင်းကို ချင်းပြည်နယ်ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ထို့ကြောင့် ချင်းပြည်နယ်နေ့သည် ဇန္န၀ါရီလ (၃) ရက်နေ့ဖြစ်ပြီး ချင်းအမျိုးသားများကို ကိုယ်စားပြုသော ချင်းအမျိုးသားနေ့သည်ကား ဖေဖေါ်ဝါရီ (၂၀)ရက်နေ့ပင်ဖြစ်ပေ သည်။
(ဤဆောင်းပါးရေးသားပြုစုနိုင်ရန် လိုအပ်သော စာအုပ်စာတမ်းအကူအညီပေးသော ဒေါက်တာ ဆလိုင်း ရီယန်းဗဲလ် ( ပါမောက္ခ၊ သင်္ချာဌာန၊ ကလေးတက္ကသိုလ်)၊ ဦးခန့်လင်း ( ကထိက၊ သမိုင်းဌာန၊ ကလေးတက္ကသိုလ်ဝ၊ ဒေါ်စိုးစိုးအေး( ကထိက၊ သမိုင်းဌာန၊ ကလေးတက္ကသိုလ်) နှင့် ဦး ငူးလ်ဆွင့်လျန်( နည်းပြ၊ သင်္ချာဌာန၊ ကလေးတက္ကသိုလ်) တို့အား အထူးပင်ကျေးဇူးတင်ရှိပါသည်။ ( post by > ခိုနူမ်းထုန် သတင်းဌါန. )

Saturday, October 5, 2013

ဥတ္တရစောဖြူ၏ ပျောက်ဆုံးနေသောရွှေမြို့တော်


ရှေးလွန်လေပြီးသော အတိတ်နှစ်ပေါင်း (၂၅၀၀)ကျော်၊ ဘီစီ(၅၄၄-၅၈၉)ခန့်တွင် ဂေါတမမြတ်စွာ ဘုရား သခင်သည် အနာဂတ် သာသနာတော် တွင်ဖြစ်ပေါ်တွေ့ကြုံမည့် အရေး မျော်တွေးသိမြင်တော်မှုသဖြင့် အခါတစ်ပါးသော မဇ္စျိမဒေသမှ ညီတော်အာနန္ဒာနှင့် တကွ ကောင်းကင် ခရီးဖြင့် ဒေသစာရီကြွချီတော်မှုရာ ယခုအင်းတော်ကြီး ဖြစ်တည်သည့်ဒေသနှင့် ရွှေမဉ္စူ ဘုရားတည်ရှိ သည့် နေရာ၌ ခေတ္တရပ်တန့်ပြီး နာဌာဂီရိ တောင် (ဆင်ခေါင်းတောင်)ထိပ်တွင် ရပ်တန့်တော်မှု၏။ နောင် အခါ အနာဂတ်ကာလ၌ အင်းကြီး ဖြစ်တည် လတ္တံသော ကြောင်းချင်းရာနှင့် သာသနာတော်ထွန်းလင်း တောက်ပသည့် ဗုဓမြတ်ဘုရား၏ ဓါတ်တော် မွေတော်များ ကိန်းအောင်း တော်မှုရာစေတီတော် ဘုရားတည်ရှိလတ္တံ့သော ဗျာဒိတ်စကား မိန့်ကြားတော်မှု ခဲ့လေသည်။


မှတ်ချက်။ ။ဗျာဒိတ်တော် ပေးတော်မှုစဉ် ရပ်တန့်တော်မှုရာတောင်၏ အမည်ကိုရှေးသမိုင်း မှုများအရအမည် ကွဲများရှိသော်လည်း နာဌာဂီရိ(ဆင်ခေါင်း) တောင် ဟူ၍သာ အစဉ်အဆက်မှတ်သားရပေသည်။
သာသနာတော်သက္ကရာဇ် ၂၃၀-ခုနှစ်တွင် နဂါးအမျိုး(၄)မျိုး အကျယ်(၁၁၂၄)မျိုးအနက် ဧရာပတ္တနဂါး မျိုးသားအဖ(၃)ဦးနှင့် နဂါးပေါင်း(၃၈၀၁၂)တို့သည် ဘောဂ၀တီနဂါးပြည်မှ (အိုးသစ်၊ အိမ်သစ်၊ အင်းသစ်) ရှာရန် ထွက်ခွာခဲ့လေသည်၏။
သက္ကရာဇ်(၂၆၄)ခုနှစ်တွင် လူဦးရေကိုးသန်းရှိသော(ပစ္စန္တရဂန္မာ)ဂုရုရာဇ်တိုင်းတွင် အိမ်ခြေ တစ်သောင်း၊ ကျောင်းပေါင်းတစ်ထောင်ရှိသော ဥတ္တရဌာနီ၊ စည်းခမ်း(သျှမ်းအခေါ်မြို့ကို တည်ထောင်တော်မူ၍) နောင်တွင် ဥတ္တရစောဖြူ (ထမံသီသျှမ်းတစ်မျိုး စောဝ်ဆေဖိတ် ကျားဖြူမင်း) စိုးစံအုပ်ချုပ်လေသည်။(ဗုဒ္ဒအယူ ကျောင်းချင်းမဟုတ် ၀ါဒဘာသာစုံ ကျောင်းပေါင်း စုံဖြစ်ဖွယ်ရှိသည်။
သက္ကရာဇ် ၃၆၀-ခုနှစ်၊ ဘီစီ(၁၈၄)တွင် တောင်မြောက်အလျား(၈)တိုင်၊ အရှေ့အနောက်အနံ (၄)တိုင် (ယခု အခေါ် တစ်တိုင်လျှင်နှစ်မိုင်) ကျယ်ဝန်းသောအင်းကြီးကို ရေနတ်နဂါးတို့၏ဘုန်းတန်ခိုး ဖြင့် ဖွဲ့တည်ခဲ့ လေသည်ဟူ၏။ထို့ကြောင့် ဘောဂ၀တီနဂါးပြည်မှ နတ်နဂါးများလာရောက်ပြီး (အိုးသစ် အိမ်သစ်)အင်းအိုင်ဖွဲ့ တည်ခဲ့ကြသည်ဆိုသော အချက်သည် ရှေးအဆက်ဆက်သော အင်းတော်ကြီး သမိုင်းအရခိုင်လုံစွာ ရေးဆို တင်ပြ မှတ်တမ်းတင်ခဲ့သည်။
ဂေါတမဘုရားရှင် လက်ထက်တွင် သုနာပရန္တတိုင်းဟူ၍ ခေါ်တွင်သော တိုင်းနိုင်ငံ၏ မြောက်ဘက်နောင်တွင် ဂုရုရာဇ်တိုင်း ဥတ္တရဌာနီ(စိမ့်)တိုင်းဟူ၍ အသီးသီးခေါ်တွင်ခဲ့လေသည်။ သာသနာသက္ကရာဇ် ၃၆၀-ခု(ဘီစီ-၁၈၄)တွင် ဂုရုရာဇ်တိုင်း ဥတ္တရဌာနီ စည်းခမ်းမြို့ကြီးကို (ထမံသီ) သျှမ်းလူမျိုး ဥတ္တရစောဖြူမင်း တည်ထောင် ပြီးသည်မှ နှစ်ပေါင်း၉၆နှစ် ပြည့်မြောက် သောနှစ် ပေတည်း။
လေးမျိုးသောနဂါးတို့တွင် ဧရာပတ္တ နဂါးမျိုးဖြစ်သော နဂါးမင်းသားသည် ဥတ္တရစောဖြူမင်း စိုးစံသော ဂုရုရာဇ်တိုင်း ဥတ္တဌာနီ စည်းခမ်းမြို့ကြီးကိုအင်းဖွဲ့ရန် ရွှေတာင်နတ်မင်းကြီး၏အမိန့်ကိုရရှိ သောအခါ ရေနတ် နဂါးမင်းသားက စဉ်းစားတော်မှုသည်မှာ ဤ ထမံသီ လူမျိုးများနေထိုင်ပျော်ပါး သောမြို့ကို ငါအင်းဖွဲ့ လိုက်သော် တိုင်းနေပြည်သူလူတို့ သေကြေပျက်စီးကြတော့မည်၊ ထိုသူတို့သေ ကြေလျင် ငါ၌ ပါဏာတိပါတကံ ထိုက်၍အပါယ်ငရဲ၌ ဆင်းရဲကြီးစွာ ခံစားရလိမ့်မည် ဤနေရာကလွဲ လျှင်လဲအခြား နေရာကို ငါသဘောမကျ မနှစ်သက်ခဲ့၊ ဟယ် သို့သောလည်း ဤတိုင်းသူပြည်သား လူအများတို့သည် တရားလည်းမကပ်ကြ၊ ကိုယ်ကျင့် သီလမရှိကြ ငါးပါးသီလကို တစ်ပါးမျှ မတည် အောင် ကိုယ်ကျင့်တရားများ အလွန်ပျက်ပြားကြသည်၊ နေ့စဉ် ညတိုင်း ထိုင်းမှိုင်းတွေ ဝေ၍ ငါးပါးအာရုံ ကာမဂုဏ်ကို စုံစုံမက်မက် နှစ်သက်ပျော်ပါးသူသာ များလေသည်၊ သို့ဖြစ်သည်ကြောင့် အလီလီ တွေးဆ၍ ညသန်းခေါင်ရံ အခါ အာကာသ ကောင်းကင်ယံတွင် နတ်မြင်းပျံစီးပြီး ကြီးစွာသော အသံဖြင့် ကြွေးကြော်လေသည်မှာ ဤတိုင်းပြည်၌နေထိုင်ကြကုန်သော အသင်မနုဿလူသားတို့သည် ရှေ့ ခုနှစ်ရက် တိုင်လျင် သင်တို့တိုင်းပြည် ရေပြင်အတိ အင်းကြီးဖြစ်လိမ့်မည်၊ ခုနှစ်ရက်မတိုင်ခင် အကြားခရီးဝေးစွာ ထွက်ခွာသွားကြကုန်လော့ အကယ်၍မသွားဘဲနေကြလျှင် ရေမွန်းနှစ်၍ သေကြ ကုန်လတ္တံ့ဟု တစ်တိုင်း ပြည်လုံးကြားလောက်အောင် သုံးကြိမ်သုံးခါတိုင်တိုင် ကြွေးကြော်လေ၏ ဤသို့ တစ်ပြည်လုံး ကြားလောက်အောင်ကြွေးကြော်ပါသော်လည်း တိုင်းသားပြည်သူများ ဗိုလ်လူတို့၏ မကောင်းမှု ကံစီမံဖန်တီးသဖြင့် အသက်ကြီးသော မုဆိုးမ အဒေါ်အိုတစ်ယောက်အပြင် မည်သူမျှ မကြားမသိကြချေ၊ နံနက် မိုး လင်းသောအခါ အဒေါ်အိုမုဆိုးမက တအိမ်တက်တအိမ်ဆင်းသွား ရောက် ပြောကြားသော်လည်း အယုံ တရားမရှိကြဘဲ အီမုဆိုးမသည် မလှသောမျက်နှာ မသာယာ သော မျက်ခွက်ဖြင့် ငါတို့အား လိမ်လည်လှည့်ဖြား မဟုတ်မမှန်သော စကားကိုပြောကြားလေသည်၊ ငါတို့ဘိုးဘွား မိဘကစ၍ ငါတို့လက်ထက် ကျအောင် ဤတိုင်း ပြည်နဂရတွင် ထာဝရကြာရှည်စွာ နေထိုင်ခဲ့ကြသည်၊ ဘယ်အခါဘယ်ကာလမှ မကြားစဘူးထူးဆန်းသော အီ စကားကို အဒေါ်အိုမုဆိုးမ ပြောကြားသည် ရူးချင်သလားမသိဟု လူစုပြီးပြန်ပြောဆဲရေး ဆိုလိုက်ကြကုန် သတည်း၊ အဒေါ်အိုက ထိုထိုအိမ်ထက်သို့ တက်၍ တဖန်ဝေးရာသို့ရွေ့ပြောင်း ထွက်ခွါသွားကြရန် သည်း ခံ၍ပြောသော်လည်း မိမိအား အရူးအနှမ်းဖြစ်အောင် မာန်ထောင်ဒေါသ ငေါငေါထ၍ အိမ်ထက်မှ မောင်းနှင်း ခြင်း ခံရသော ခုနှစ်ရက်မြောက်သောနေ့၌ အဒေါ်အိုသည် ဤမြို့ရွာရှိမိမိဆွေမျိုးညာတိမြေး၊ မြစ်များကိုအပါ ခေါ်ငင်၍ ဝေးစွာသောမြို့ အနောက်ဘက်တို့ဘ ထွက်ပြေးကြလေသော် ရေနတ် နဂါးရာဇာက တေဇာကွန့်ဖြိုး နတ်တို့၏ တန်ခိုးအားဖြင့် အမျိုးမျိုးသော မိုးလ်းကြီးလေကြီး မြည်ဟီး ပြင်းချက် လျပ်တထိန်ထိန် အရှိန်ရဲရဲနှင့် ၀င်းနဲလျှပ်ကနဲ မိုးကလည်း သဲသဲမဲမဲရွာချလေသည်။ ထိုအခါ မုဆိုးမသည် ကုန်းမောက်သေလာ ယခုလွဲမွန် ကျေးရွာ၏ ဒက္ခိဏာတောင်ဘက် ယခု အဘယဂီရိခေါ် တောင်ကုန်းပေါ်ထက်သို့ တက်ပြေး၍လာရင်း မိမိ နောက်ကြော (အရှေ့)ဘက်သို့ မျှော်ကြည့်လိုက်လျှင် ထမံသီလူမျိုး ဥတ္တရစောဖြူမင်း၏ ဥတ္တရဌာနီ စည်းခမ်းမြို့ကြီး သည် ရေပြင်အတိအင်းကြီးဖြစ်၍ ပျောက် ဆုံးနေလေပြီ ကိုတွေ့မြင်ရလေတော့သည်။ ယနေ့တိုင် ထိုမဆိုမ နောက်ကြောဘက်သို့ လှည့်မျော်ကြည့်ခဲ့သောနေရာကို လွဲမွန်တောင်ဟုခေါ်သည်။ လွဲသည်သျှမ်းလို တောင်ဟုအဓိပ္ပါယ်၍ မွန်သည် မျော် သည်ဟုအဓိပ္ပါယ်ရပါသည်။

မုဆိုးမသည် ဥတ္တရဋ္ဌာနီစည်ခမ်းမြို့ တွင်မွေးဖွား၍ အရွယ်ရောက်သောအခါ သျှမ်းကလိမ်း ခနီး္တ (ထမံသီ) လူမျိုးတစ်ယောက်နှင့် အိမ်ထောင်ကျလေည် လင်ယောက်ျား နောက်သို့ လိုက်ပါသွားပြီးနောက် သမီး (မင်းအပ်) ကိုမွေးဖွားပြီး လင်ယောက်ျား သေဆုံးလေသည်၊ သမီးမင်းအပ်လည်း အရွယ်ရောက်လျင် အိမ်ထောက်ကျ၍ သားကလေး (မောင်သာယ) ကိုမွေဖွားပြီး လင်ယောက်ျား သေဆုံးလေသည်၊ မုဆိုးမသည် ထိုမြို့ ထိုရွာတွင် ဆွေမျိုးရင်းချာ မရှိသဖြင့် သမီးမြေးနှစ်ယောက်နှင့် အတူ ဥတ္တရဋ္ဌာနီစည်ခမ်းမြို့သို့ ပြန်ရောက်ပြီး နှစ်နှစ် အကြာတွင် ဥတ္တရဋ္ဌာနီစည်ခမ်းမြို့ကြီး အင်းဖြစ်လေတော့သည်။
ယင်းထမံသီ မျိုးဆက်မှ ဆင်းသက် ပေါက်ဖွားလာသော လူမျိုးများနေထိုင်သည့် ထမံသီရွာသည် ယနေ့တိုင် ရှိနေပါသေးသည်။
ဥတ္တရစောဖြူရဲ့သား စောဝ်ဆေးဖိတ် (ကျားဖြူမင်း) မင်းသာသည် အင်းကြီးဖွဲ့သောအချိန် မင်းညီးမင်းသား အချို့နှင့် တောကစားသွားနေ၍ အင်းဖွဲ့ရာသေဆုံးခြင်းမရှိပဲ ကျန်ရစ်ခဲ့လေသည် ၎င်းသည် မိုင်းသုံတောင်နားတွင် ကျင်လည်ကျက်စားနေရင် နောက်နန်းမွန်နှင့် တွေဆုံပေါင်းဖက်၍ သားသုံးပါး ဖွားမြင် လေသည်။ (၁)ခွန်ရံ (သိုကော်ဘွား)၊ (၂)ခွန်ကံ (သိုငံဘွား)၊ (၃)ခွန်အွမ် (သိုကျည်ဘွား) တို့ ဖြစ်ကြလေသည်။
၎င်းသားတော်သုံးပါး၏ ဘိုးတော်ဖြစ်သော ရွှီရွှမ်နန်းမြို့တော်သခင် ဥတည်မင်းမှ မြေးတော်များအား လူသူလက် အင်အားများပေး၍ တည်ထောင်အုပ်ချုပ် စေခဲ့သော နယ်ပယ်များ နန်းမြို့များဖြစ်သည့် မိုးညှင်း၊ မိုးကောင်း၊ မိုးမိတ်၊ မြို့များပေါ်လါခဲ့ပေသည်။
အင်းတော်ကြီး၏ အံ့ဘွယ်ကိုးပါး
အင်းတော်ကြီးသည် မြန်မာပြည်တွင် အကြီးဆုံးအင်းဖြစ်သည်၊
(၁) အလျား ၈-တိုင်၊ အနံ ၄-တိုင်၊ ကျယ်ဝန်းသောကြောင့်တပါး၊
(၂) အနောဒတ္ထအိုင်ကဲ့သို့ အလွန် ရေသန့်ရှင်းသောကြောင့် တပါး၊
(၃) အလွန်ကျယ်ဝန်းသော အင်းဖြစ်သော်လည်း အင်းထဲတွင် ဆိုးဝါးသော မိကျောင်းစသော ငါးကြီးတို့ကို မဆိုးဝါးရအောင် အင်းတော်ကြီး အရှင် ထိန်းသိမ်းခြင်းကြောင့် အံ့ဘွယ်တပါး၊
(၄)-အင်းကြီးထဲတွင် မတော်တဆ လူတို့ကျသေဆုံးရသော
လည်း အနာအဆာမရှိ ငါးကြီးများလည်း အစားဘဲ ကမ်းစပ်ရောက်အောင် လိုင်းပိုတ်ခတ်တင်ပေးခြင်း၊
(၅- အင်းနားတွင် ရွှေကျင်သော် ရွှေများရရှိခြင်း၊
(၆)-အမိုက်သရိုက်များကို အင်းထဲတွင် မရှိရအောင် နေ့စဉ်ညတိုင်း ကမ်းသို့အရောက် လှိုင်းပုတ်ခတ်တင်ပေးခြင်း၊
(ရ)-တစ်နှစ် သုံးကြိမ်ကျ သားမက်တော် နန့်တိန်းအရှင်ကြီးက ယောက္ခမတော် အရှင်ကြီးထံသို့ ရေပြောင်းပြန် ဆန်တက်ကန်တော့ခြင်း၊
(၈) -စစ်တိုက်ရာပါချောင်းများကို အင်းကြီးထဲသို့ သန့်ရှင်းစွာ ၀င်ခွင့် ပြုခြင်း၊
(၉) -နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လကစ၍ ပြာသိုလ အထိအင်းထဲရှိငါးများကို အင်းတော်ကြီး တောင်ပိုင်း အခြားအကွာ (၈)မိုင်ဘုရားကြီးအထိ လွဲအိမ်တောင် အရှင်ကြီးက အင်းထဲရှိ ငါးများကိုဆေး
ခတ်သဖြင့် ငါးများစွာသေခြင်း ဤသို့ဖြင့် အံ့ဘွယ် ကိုးပါးတည်း၊
ဥတ္တရစောဖြူမင်း၏ပျောက်ဆုံးနေသော် ရွှေမြို့တော်၏ တည်နေရာသည် ပြည်ထောင်စု မြန်မာနိုင်ငံတော် (ကမ္ဘာ့)မြေပုံအရ အရှေ့လောင်ဂျီတွဒ် (၉၆ံ ၂၃`နှင့် ၉၇ံ)ကြားတွင်လည်းကောင်း၊ မြောက်လတ္တီတွဒ် (၂၅ံ နှင့် ၂၆ံ)ကြားတွင်လည်းကောင်း၊ မြန်မာနိုင်ငံ(အထက်) မြောက်ပိုင်း(ကချင် ပြည်နယ် မိုးညှင်းမြို့နယ်)တွင် တည်ရှိ နေသည်။ အင်းတော်ကြီးအိုင်သည် ယေဘုယျခေါ်ဝေါ်အဆိုပြု ကြသည့်အကျယ်အ၀န်းပမာဏမှာ အလျား-၁၆မိုင်၊ အနံ-၈မိုင်ရှိသည်ဟုဆိုသည် သို့ရာတွင်မြန်မာ့ စွယ်စုံကျမ်း၌ အကြီးဆုံးသောအင်းသည် အလျား-၁၄မိုင်၊ အနံ-ရမိုင်ရှိသော အင်းသည် မိုးကောင်း ချောင်းဖျားခံရာ၌ရှိပေသည်ဟုဆိုလေသည် မျက်မှောက် ကာလ အတွေးခေါ် မြော်မြင်ရေး(သမိုင်းဗေဒ ကိုဆန့်ကျင်၍) ယုတ္တိဗေဒညာရှင်တချို့ကဆိုလေသည်။ သမိုင်း ဆိုသည် အငြင်းပွားမူလမ်းကြောင်းကို ဖြတ်သန်းလာ စမြဲဖြစ်သည်။ မြေဆီလွာပြတ်ရွှေ့ခြင်းကြောင့် သော် လည်းကောင်း၊ သဘာဝ တောတောင်ရေမြေ တို့၏ ဖြစ်ပျက်ပြောင်းလည်းခြင်း ဖြင့်သော်လည်းကောင်း မည်တို့ ပင်ဖြစ်စေကာမူ ထူးဆန်းအံ့သြဖွယ်ရာများ ဖြင့်ပြည့်စုံနေသော အင်းကြီး ထိုအင်းကြီးသည်


အလယ်တွင် ရွှေမဉ္စူ စေတီတော် (ရေလယ်ဘုရား) တည်ထား ကိုးကွယ်ကြသည်။ ဤ ရွှေမဉ္စူ စေတီတော် (ရေလယ်ဘုရား) သည် ဥတ္တရ စောဖြူမင်း၏ ပျောက်ဆုံး နေသော် ရွှေမြို့တော်၏ တည်နေရာ ဖြစ်သလို သျှမ်းနီ လူမျိုး “တိုင်းခမ်းတီး၊ တိုင်းလျှဲန်၊ တိုင်းကတူး၊ တိုင်းကနန်း တို့၏ သမိုင်းဝင် ထင်ပေါ် ကျော်စော တန်းခိုးကြီး သော စေတီတော် ဘုရားတဆူ ဖြစ်ကြောင်းသင်ပြလိုက်ရပါသည်။



**တပေါင်းလပွဲတော်ခါ ရွှမဉ္စူသို့**
အင်းရေညို ရစ်ဝိုင်းလို့
တံတိုင်းက အပြာခံ
မားမတ်ပျော်စံ
ရွှေပေါင်းငယ်ရံ ကြယ်ခြံတဲ့လ၀န်း
ပုထိုးစေတီဂူတို့
ရွှေမဉ္စူကာရံကာညွတ်တယ်
လူလွတ်နတ်ကျွန်း။
မြူမင်းလွင် ကြွေလောင်းတဲ့
တပေါင်းလပွဲတော်ခါ
ကြွေးကြော်ခြိမ့်ညာ
သဲခုံကသာ ရေပြာကအေး
အမောပြေ တထောက်နားလို့
ဘုရားဆီ ရင်ပြင်ဆိုက်အောင်
လိုက်ခဲ့ပါ့လေး
ကျွန်းလယ်ခေါင် သောင်ဦးက
ကြာဖူးထွဋ် သဲသောင်ခုံခြည်းမီပြန်တုံ
လူမျိုးကစုံ ခိုလူံသည့်ပြည့်ကြမ်း
မောင်လဲသဒ္ဒါဝေ၍ မယ်လဲသဒ္ဒါဝေ၍
သည်အင်းမြေ ငွေသောင်ပြန့်မှာ ဖူးအံ့မခန်း
ရေး (ဗန်းမော် ညိုနွဲ့)



မြန်မာ့ စွယ်စုံကျမ်း၌ အကြီးဆုံးသောအင်းသည် အလျား-၁၄မိုင်၊ အနံ-ရမိုင်ရှိသော အင်းသည် မိုးကောင်း ချောင်းဖျားခံရာ၌ရှိပေသည်ဟုဆိုလေသည် မျက်မှောက် ကာလ အတွေးခေါ် မြော်မြင်ရေး(သမိုင်းဗေဒ ကိုဆန့်ကျင်၍) ယုတ္တိဗေဒညာရှင်တချို့ကဆိုလေသည်။ သမိုင်းဆိုသည် အငြင်းပွားမူလမ်းကြောင်းကို ဖြတ်သန်းလာ စမြဲဖြစ်သည်။ မြေဆီလွာပြတ်ရွှေ့ခြင်းကြောင့် သော်လည်းကောင်း၊ သဘာဝတောတောင်ရေမြေ တို့၏ ဖြစ်ပျက်ပြောင်းလည်းခြင်း ဖြင့်သော်လည်းကောင်း မည်တို့ပင်ဖြစ်စေကာမူ ထူးဆန်းအံ့သြဖွယ်ရာများ ဖြင့်ပြည့်စုံနေသော အင်းကြီး ထိုအင်းကြီး၏အလယ်တွင် ရွှေမဉ္စူစေတီတော် (ရေလယ်ဘုရား) တည်ထားကိုးကွယ်ကြသည် ထင်ပေါ်ကျော်စော တန်းခိုးကြီးသော စေတီတော် ဘုရားတဆူ ဖြစ်လေသည်။ တခုဖြစ်ကြောင်းသင်ပြလိုက်ရပါသည်။ အင်းတော်ကြီးအိုင်သည်၊မိုးကောင်း ချောင်းဖျားခံရာ၌ ရှိပေသည်၊ အင်း(အိုင်) ရေပြင်သည် စတုရန်းမိုင် (၁၀၀)ခန့်မျှရှိလေသည် အင်၏ဘေးပတ်လည် အရှေ့ဖက် တွင် မိုးကောင်းမြို့နယ် အထိ၊ အရှေ့တောင်ဘက်တွင် ဟိုပင်- မိုးညှင်း ကကျော်တောင်ကြားအထိတောင်ဘက် တွင် စစ်ကိုင်းတိုင်း(ဟုံးမလင်းမြို့နယ်) မံစီကြီးအထိ အနောက်ဘက်မြောက်ဘက် တွင်ကာမိုင်းမြို့နယ် ထိ အကျယ်ဝန်း စတုရန်းမိုင် ( )ခန့်အ၀န်းတခုလုံးကို အင်းတော်ကြီးဒေသဟူ၍ လည်းကောင်း မိုးညှင်းမြို့နယ်၏ နယ်မြေအမှတ် (၅)ဒေသဟူ၍လည်းကောင်း အသိ အမှတ်ပြု ခေါ်တွင်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော် အထက်ပိုင်း (ကချင်ပြည်နယ် တောင်ပိုင်း)အလယ်ရိုးမ တောင်တန်း တွင် ပါဝင်သော တောင်ကုန်း တောင်တန်းတို့ဖြင့် အင်းတောကြီး ဒေသကိုဝန်းရံ ပတ်ဝိုင်းထားလေသည်၊ မြင်မားမတ်စောက်သော တောင်ကုန်း တောင်တန်းများ တည်ရှိ သည်အလယ်ရိုးမတစ်ကြောတွင် အမြင့်ဆုံး ဒေသဟု ဆိုဘွယ်ဖြစ်သည် ရေချောင်း စီးဆင်းရာရေလဲတို့သည်၊ မြောက် ဖက်သို့ (ပြောင်းပြန်) စီး ဆင်းသည်၊ အင်းတောင် ဖက်ရှိသော၊ ဆင်ခေါင်းတောင်၊ ကန့်လန့်ကာ (လော ခွန်း) တောင်တို့မှ စီးဆင်းသော ချောင်းရေ သည်၊တောင်ဖက်မော်ဟန်၊ မိုးညှင်း(နန့်ရင်းချောင်း)သို့ စီးဆင်း၍ မြောက်ဖက်၌အင်တော်ကြီး (အင်း)သို့စီးဆင်း သည်၊ အင်းအနောက်ဖက်ရှိသော နန့်စတုံး (၁၂၂၆)တောင်နှင့် ဒုတိယ ကမ္ဘာစစ်ကာလမှယနေ့တိုင် မှန်ပြ တောင်ဟူ၍ အမည်တွင်ခဲ့သော (၁၇၇၈)တောင်တို့မှ စီးဆင်းသော ချောင်းရေသည်အနောက်ဖက်၌ အင်းတော်ကြီး (အင်း) သို့စီးဆင်း၏ အင်းတော်ကြီး (အိုင်)မှ လည်းလောင်း(ခေါ်) စည်ခမ်းချောင်းသည် မြောက်ဖက် ပြောင်ပြန်) စီးဆင်း၍ မိုးကောင်းမြို့ အနီး မိုးကောင်းချောင်း (နန့် ကောင်း)နှင့် ဆုံသည်၊ မိုးကောင်း(နန့်ကောင်း)ချောင်းသည် ဧရာဝတီမြစ်သို့စီးဆင်းသည်။

အင်းတော်ကြီးအင်းဘေးပတ်လည်၌ “ရှေးနှစ်”ရာစု များစွာကတည်းက လူနေ(မြို့ရွာ)များ တည်ရှိ ခြင်း ထင်ရှားသည်၊ သာဓကအားဖြင့်ယခု မမုံကိုင်ရွာတောင်ဘက်ရှိ မြို့ဟောင်းကုန်းဆိုသောအရပ်၌ အရေ တွက်မခန့်မှန်းနိုင်သော မြို့ဟောင်းတံတိုင်း ယနေ့ တိုင်တည်ရှိ၏မမုံကိုင်၊ မိုင်းနောင်ကြား မော်တော်ကားလမ်း ဘေးရှိရှေးဟောင်းဘုရာစေတီပျက် တစ်စဆူသည် သီရိဓမ္မာသောကမင်း တည်သော စေတီပျက်တော်ပေါင်း (၈၄၀၀)အနက် တစ်ဆူအပါဝင်(ခိုင်လုံသော သမိုင်းအထောက်အထားမရှိသော) ဖြစ်သည်ဟု ရှေးဘိုး ဘေးဘီဘင်များအဆိုအရသိရ၏၊ ဤကဲ့သို့ သမိုင်းအထောက်ထား ကင်းမဲ့နေသော စေတီတော်ပျက်များ အင်းဘေးပတ်လည်၌ ၀မ်းနည်းဖွယ်ရာ အများအပြားတွေ့နိုင်၏ အာသောက မင်းသည် အဘိသိတ်မခံမီ (၄) နှစ် ဘိသိတ်ခံပြီး(၄)နှစ် သာသနာသက္ကရာဇ် (၂၁၈)၊ ဘီစီ (၃၂၆) တွင် ၈၄၀၀၀ သော မြို့နိုင်ငံတို့၌ ၉၆-ကုဋေသော အဿပြာ တို့ဖြင့် စေတီတောကျောင်းတော်များ တည်ခဲ့သည်၊ ဤသည်ကား မြို့ဟောင်းနှင့် ဆက်စပ်တွေးခေါ်နိုင်ဖွယ် ရှိသေား သာဓကတစ်ရပ် တင်ပြခြင်းသာဖြစ်သည်၊ သို့ရာ၌အင်းအိုင်ဖြစ်ပေါ်လာသည် ထက် စော၏။

အေဒီ ၁၉ - ရာစု ကုန်းဘောင် (မြန်မာ) မင်းများလက်ထက် လူနေမှုမှတ်တမ်း တင်ရချိန်၌ သျှမ်းနီ (တိုင်းလျဲန်) ကချင်နှင့် မြန်မာသွေးရင်းသားရင်များ(မြောက်များစွာ) တို့နေထိုင်ခဲ့လေသည်၊ အချင်းချင်း ယုံကြည် လေးစား ရင်းနှီးခဲ့ကြ၏၊ ထိုစဉ်၌ အင်းတော်ကြီး ဒေသသည် မိုးကောင်းမြို့ စီရင်စု (စော်ဘွား) လက်အောက်ခံတွင် ပေါမိုင်းနယ် (၄)နယ်နှင့် (၂)ဋ္ဌာနဟု နယ်နမိတ် သတ်မှတ်ထားခဲ့လေသည်။

ဤသို့တွင်

၁။ မိုင်းပင်း (ကုမမုံ) ပေါမိုင်း

၂။ စည်းခမ်း (လွဲမွန်) ပေါမိုင်း

၃။ ငွန်းဇင်း (နမ့်ဖေါင်းဇင်) ပေါမိုင်း

၎။ မောက်တောင်း (ဟဲပန်) ပေါမိုင်းနှင့် (၁)မပြင်တဋ္ဌာန (၂)လောဆွန် တစ်ဋ္ဌာဖြစ်သည်၊ အချုပ်အားဖြင့် (၄) ခရိုင် (၆)ဋ္ဌာန ဟူ၍နယ်အားဖြင့် ခွဲခြားသတ်မှတ် ခေါ်ဆိုခဲ့သည်။

ပေါမိုင်း။ ။ပေါမိုင်းဟူသည် ရှမ်းဘာသာ အခေါ်ဖြစ်၏ မြန်မာလို

ပြန်သော မြို့ဘ (သူကြီး) ဟူ၍ အဓိပ္ပါယ်ရ၏

အင်းတော်ကြီးဒေသ လူနေမှုအစဉ်အလာနှင့် အုပ်ချုပ်မ သမိုင်းမှတ်တမ်းများ တင်ရချိန်၌ အေဒီ(၂၀) ရာစုနှစ် မတိုင်မရှေးရာစု နုစ် အတန်ကြာ ကာလတွင် သျှမ်းနီ (တိုင်းလျဲန်) တို့သည် မြေပြန့်(အင်းဘေး ) ဒေသတွင်လည်းကောင်း၊ ကချင်(ဂျိမ်းဖေါ)တို့သည် တောင်ပေါ်(တောင်တန်း) ဒေသတွင် လည်းကောင်း၊ အခြေချနေထိုင်ခဲ့လေ၏ သာဓကအားဖြင့် ရှေးနှစ်ပေါင်း ရာစုများစွာမှ အင်းလေး၌နေလာခဲ့သည်ဆိုသော တံငါအဖိုးကြီးတစ်ဦး၏ အမည်ကို သျှမ်းတို့က “ပူတွတ်လား” ဖိုးတွတ်လား ဟူ၍၎င်း၊ အင်းတော်ကြီး မြောက်ဖက် တွင် မြင့်မားမတ်စောက်သောတောင်တစ်လုံး၏ အမည်ကို ကချင်တို့က “က၀ါပွန်” အဖေ တောင်ဟူ၍၎င်း ယနေ့တိုင် အမည်တွင်ခေါ်ဝေါ် လျက်ရှိလေသည်။

ရှေးယခင်က သျှမ်းနီ(တိုင်းလျဲန်)တို့၏ အခြေချနေထိုင်ရာ ဤအင်းတော်ကြီး ဒေသ၌ သျှမ်း စာပေ ကျမ်းဂန်များ ထွန်းကာပေါက်မြောက်ခဲ့ရာတွင် (ပုရပိုက်၊ ပေရွက်) ပေထက်အက္ခရာ သျှမ်းစာများ ကိုယနေ့တိုင် တွေ့မြင်နိုင်သေး၏ သို့ရာတွင်ယနေ့ အခါ၌သျှမ်းနီ (တိုင်းလျဲန်)စာပေ သင်ကြားလေ့လာ တတ်မြောက်သူမရှိသလောက် ရှားပါးလှသည်ကို သျှမ်းနီလောက၌ အထင်အရှားပင်ဖြစ်လေသည်။

အင်းတော်ကြီး အင်း (အိုင်) သည်ယေဘူယျအားဖြင့် အလျား (၁၆-မိုင်) အနံ(၈-မိုင်) မိုးကောင်းချောင်း (နန့်ကောင်းချောင်း)ဖျားခံ ရာဒေသလည်းဖြစ်သည်။

စတုရန်းမိုင်-၁၀၀ခန့်ရှိသည် မိုးညှင်းမြို့နယ်၏ အမှတ်(၅)ဒေသဟူ၍လည်းကောင်း အသိမှတ်ပြု ခေါ်တွင်လေသည်။ (နေလင်းအင်းတော်ကြီး-အင်းတော်ကြီးသမိုင်း မှတ်တိုင်များမှ ထုတ်နုတ်သင်ပြလိုက်ရပါသည်။)

ရွှေမဥူစေတီတော်(ရေလယ်ဘုရား) တည်တော်မှုခြင်း။ သဘာဝ အလျှောက်ဖြစ်တည် ဖန်တီးထားသော သဲသောင်ခုံ သောင်ပြင်ဖြစ်သည်။ မြောက်ဘက် သောင်ပြင်ခုံသည် အင်းစပ်မှ ရွှမဥူ စေတီတော်တည်ရှိရာထိ ရှည်လျားစွာ တည်ရှိလေသည်။်
ကမ္ဘာ့အကြီးဆုံး ရေကန်ကတော့ ကက်စ်ပီယန် ပင်လယ်ပဲဖြစ်ပါတယ်။ အီရန်နဲ့ရုရှဓနသဟာယ နိုင်ငံနှစ်နိုင်ငံကြားမှာရှိပါတယ်။ ပင်လယ်လို့ခေါ်ပေမယ် သူက သမုဒ္ဒရာ နဲ့ဆက်စပ်မနေဘူး။ ဒါပေမယ့်ကုန်း တွင်းမှာတည်ရှိနေတဲ့ ဧရာမ ရေကန်ကြီး ဖြစ်ပါတယ်။

အနာဂတ်သျှမ်းလူငယ်များ မိမိအမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ် ထိမ်းသိမ်းစောင့်ရှောက်ရင် အချင်းချင်း ရိုင်းပင်ကူညီ လက်တွဲလုပ်ကိုင် နိုင်ကြပါစေ။
အင်းတော်ကြီးအလှနှင့် (လေါင်လုံစည်ခမ်း)(သို့မဟုတ်)ရွှေမဉ္စူ ရေလယ်ဘုရာပွဲ














ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်   ( Posted by kyar Pauk )