ကရင်လူမျိုး၏ မူလဇာစ်မြစ်
(၂) ကရင်လူမျိုး၏ မူလဇာစ်မြစ် (၂) သုတေသနစာတမ်း စောဖော (ရန်ကုန်တက္ကသိုလ်) karen-manကမ္ဘာ့လူမျိုးနွယ်များ ကမ္ဘာ့သမိုင်း စတင်ဖြစ်ပေါ်မှု The Beginning of History ကို ပြန်၍ လေ့လာမည် ဆိုပါက လူမျိုးကြီး ၃ မျိုးကို တွေ့ရပေမည်။ ၎င်းတို့မှာ ၁။ အသားမည်း အနွယ် Negaroid နီဂရွိုက် ၂။ အသားဖြူ အနွယ် Europoid ယူရိုပွိုက် ၃။ အသားဝါ အနွယ် Mongoloid မွန်ဂိုလွိုက် တို့ ဖြစ်ပါသည်။ နီဂရွိုက် အနွယ်ဝင်များမှာ အာဖရိကတိုက်ဖက်သို့ ပျံ့နှံ့ပြီး ကင်းယန်း၊ နိုင်ဂျီးရီးယန်း၊ ဇင်ဘာဘွေးယန်း စသဖြင့် အာဖရိက လူမျိုး၊ နိုင်ငံများ ဖြစ်ပေါ်လာသည်။ အချို့မှာ ပင်လယ် သမုဒ္ဒရာကို ဖြတ်၍ အရှေ့အိန္ဒိယ ကျွန်းစုဘက် တောင်ကျွန်းများ အထိပင် ပျံ့လွင့် ရောက်ရှိကြပေသည်။ ယူရိုပွိုက် အနွယ်ဝင်များမှာ အာဖရိကတိုက် မြောက်ပိုင်းနှင့် ဥရောပတိုက်သို့ ရောက်ရှိသွားကြသည်။ ထင်ရှားသည့် ရှေးဦးမျိုးနွယ်များမှာ ဆီးမိုက်၊ ဟန်းမိုက်၊ အာရိယန် စသည်တို့ ဖြစ်ကြသည်။ အာရိယန်များသည် အိန္ဒိယပြည်သို့ပင် ရောက်ရှိကြသည်။ ၎င်းယူရိုပွိုက်များကို Compton’s Encyclopedia စွယ်စုံကျမ်း အတွဲ S.(K.L) စာမျက်နှာ 98-A တွင် ပါရှိသော Language Family Tree ခေါ် ဘာသာစကား မိသားစုတွင် ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ မွန်ဂိုလွိုက် ခေါ် အသားဝါ အနွယ်များသည် ကြီးမားကျယ်ပြန့်သော အာရှတိုက်ဘက်သို့ ပျံ့နှံ့လာကြသည်။ ကရင်လူမျိုးများသည် အသားဝါ အနွယ်ဝင်ဖြစ်ကြောင်း သမိုင်းသုတေသီများနှင့် ပညာရှင်များက လက်ခံထားကြသည်။ ထို့ကြောင့် အသားဝါ အနွယ် မွန်ဂိုလွိုက်ကို သီးခြား လေ့လာရန် လိုပါသည်။ မွန်ဂိုလွိုက် ခေါ် အသားဝါ အနွယ် အသားဝါ အနွယ်ဝင် မွန်ဂိုလူမျိုးများကို လေ့လာရာတွင် ရနိုင်သော အခြေအနေအရ လိုရင်းအချက်ကိုသာ တင်ပြပါမည်။ ကမ္ဘာကြီးကို ဘူမိဗေဒ ပညာရှင်များက သက်ဦးကပ် (Palaeozoic or Primary Era)၊ သက်လယ်ကပ် (Mesozoic)၊ သက်နှောင်းကပ် (Cenozoic Era)၊ စတုတ္ထကပ် (သို့) နှင်းခဲခေတ် (Quarternary Era or Glacial Age) ဟူ၍ ခေတ် ၄ ခေတ် ခွဲ၍ လေ့လာကြပါသည် (အခြေပြု မြန်မာနိုင်ငံရေးသမိုင်း ပ-တွဲ၊ စာ ၃၇-၅၅)။ သက်ဦးကပ်ကို လွန်ခဲ့သော နှစ်ပေါင်း သန်းခြောက်ရာ (၆၀၀ သန်း) ခန့်က စတင်ခဲ့ပြီး စတုတ္ထကပ် ခေါ် နှင်းခဲခေတ်သည် လွန်ခဲ့သော နှစ်တသန်း (၁ သန်း) က စတင်ခဲ့သည်ဟု ယူဆကြသည်။ (ဤခေတ်များ အကြောင်းကို အကြမ်းဖျင်း လေ့လာလိုပါက ရန်ကုန်တိရိစ္ဆာန် ဥယျာဉ် သဘာဝ သမိုင်း ပြတိုက်တွင် လေ့လာ နိုင်ပါသည်။) လွန်ခဲ့သော နှစ်တသန်း (၁ သန်း) က စပြီး လူသားများ စတင်ပေါ်ထွန်းခဲ့သည်ဟု သမိုင်း သုတေသီများက ယူဆကြသည်။