Monday, July 29, 2013

သိုဟန်ဘွား (AD 1527-1543)

 မြန်မာသက္ကရာဇ် (၈၈၈) ခု၊ အေဒီ ၁၅၂၇ ခု အင်းဝပျက်သည့်နှစ်သည် မင်းဝမင်းနရပတိ၊

 ပြည်ဘုရင် ဆင်ဖြူရှင် သတို့မင်းစော၊ ဟံသာဝတီမင်း ဗညားရံတို့ အနိစ္စရောက်သည့်


 နှစ်လည်းသည်။ ထိုအချိန်ကား ရှမ်းပြည်တွင် သိုဟန်ဘွား ဒုတိယအကြိမ်


 နန်းတက်ခြင်းဖြစ်သည်။


သက္ကရာဇ် (၇၂၆)၊ အေဒီ ၁၃၆၄ ခုတွင် အင်းဝကို သတိုးမင်းဖျားက တည်ထောင်ပြီး

 ဘုရင်နရပတိ တိုင်အောင် မင်း ၁၄ ပါးတွင် မင်းစဉ်ပြတ်၍ မိုးညှင်းစဝ်လုံသား သိုဟန်ဘွားသည်


 အင်းဝကိုတက်၍ မင်းပြုတော်မူသည်။ သိုဟန်ဘွားကို အဘစဝ်လုံပေးသော အလုံးအရင်းကား


 တိုက်ဆင်နှစ်ရာ၊ မြင်းလေးထောင်၊ စစ်သူရဲခြောက်သောင်း ပေးသည်ဟူ၏။ နရပတိ၏တူတော်


 မင်းကြီးရန်နောင်သည် အင်းဝပျက်သောအခါ မြို့ပြင်တောအရပ်မှာ ရှောင်ရှားနေသည်ကို


 မိုးညှင်းစဝ်လုံကျခါ်၍ "ငါ့သား သိုဟန်ဘွားသည် ဗမာအမှု၌ မလိမ္မာပါ။ မင်းကြီးသွန်သင်ပဲ့ပြင်၍


 စီရင်ခင်းစီရင်ဖွယ်ရှိသောအခါ ငါ့သားနှင့် တိုင်ပင်၍ စီရင်ကွပ်ညှပ်ပါ" ဟူ၍ ဆို၏။


 ပြင်စည်မြို့ကိုလည်း ပေး၍ စား၏။ စဝ်လုံလည်း အင်းဝနိုင်ငံကို စီရင်တော်မူပြီးလျှင်


 မိုးညှင်းသို့ပြန်လေ၏။ သိုဟန်ဘွားလည်း စလင်းမြို့ကို စည်သူကျော်ထင်အားပေး၏။ ပုဂံကို


 သတို့အားပေးမြဲပေး၍ စားရ၏။ ကမ်းနီမြို့ကို နော်ရထာအားပေး၏။ ပေါင်းတည်ကို


 ပျံချီကိုပေး၏။ အမြင့်ကို သက်တော်ရှည်အားပေး၏။