သမိုင်းဝင် လီဒိုလမ်းမကြီး
“လီဒိုလမ်း” ကို လူတိုင်းသိကြမှာပါ။ မြစ်ကြီးနားမှာ နေထိုင်ဖူးသူတွေ “လီဒိုလမ်း” ကို သိကြပါတယ်။ မြစ်ကြီးနားမြို့ရဲ့ လီဒိုလမ်းမကြီးဘေးမှာ အံတော်ရှင်ဘုရား၊ စိမ်းမြဧရာပန်းခြံ၊ နာရီစင်၊ မြစ်ကြီးနားလေဆိပ် တွေရှိတယ်၊ နောက်ပြီး အရင်တုန်းက နာရီစင်ထောင့်က လူသိများတဲ့ လက်ဖက်သုတ်ဆိုင်လေးလည်း ရှိတယ်ဆိုတာ မှတ်မိကြအုံးမှာပါ။ ဒါပေမဲ့ လီဒိုလမ်းရဲ့ သမိုင်းကြောင်းကို သိကြသူတွေရှိသလို လီဒိုလမ်းဆိုတာဘာလဲ ဘာကြောင့်ဒီနာမည်ရခဲ့သလဲ ဘယ်သူတွေက ဘယ်တုန်းက ဘာအတွက်ကြောင့် ဖောက်လုပ်ခဲ့သလဲဆိုတာ စူးစမ်းသိရှိလိုသူများအတွက် “လီဒိုလမ်းမကြီး” အကြောင်းကို ရှာဖွေတင်ပြလိုက်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းကာလ ၁၉၄၂ ခုနှစ်မှာ ဂျပန်က မြန်မာပြည်ကို သိမ်းပိုက်လိုက်တဲ့အခါမှာ ဖောက်လုပ်ပြီးသား Burma Road (လားရှိုးမြို့ မှ ကူမင်းမြို့၊ တရုတ် ယူနန်ပြည်နယ်) ကလည်း ဆက်လက်သုံးလို့ မရတော့ဘဲ ဖြတ်တောက်ခံလိုက်ရပါတယ်။ Burma Road ကို မဟာမိတ်တပ်တွေက ဂျပန်ကိုခုခံနေတဲ့ ကူမင်တန် တရုတ်တပ်တွေဆီ လက်နက်ရိက္ခာတွေကိုပို့ဖို့ အသုံးပြုခဲ့ပါတယ်။ Burma Road ဆိုတာက လားရှိုးကနေ ကူမင်းအထိ (၇၁၇) မိုင်ရှည်လျားပြီး ဒုတိယ တရုတ် – ဂျပန်စစ်ပွဲအတွင်းက တရုတ်စစ်သားအင်အား (၂) သိန်းနဲ့ ဖောက်လုပ်ခဲ့ပြီး ၁၉၃၈ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။
Burma Road လမ်းကြောင်းပိတ်သွားတော့ ကူမင်တန်တပ်တွေဆီကို အထောက်အပံ့တွေ ဆက်လက်ပို့နိုင်ဖို့ လမ်းကြောင်းတစ်ခုလိုအပ်လာပါတယ်။ အဲဒီအချိန်မှာ အမေရိကန်လေယာဉ်တွေနဲ့ အိန္ဒိယကနေ ကချင်ပြည်နယ် မြောက်ဖျားပိုင်းဒေသ (ဆွမ်ဘရာဘွန် အထက်ပိုင်း) ကို ဖြတ်သန်းပြီး ကူမင်းအထိ ဆက်လက်ပို့ဆောင်ခဲ့ပါတယ်။ မြင့်မားတဲ့ ဟိမ၀န္တာတောင်တန်းတွေ၊ ကြမ်းတမ်းတဲ့ ရာသီဥတုတွေကြောင့် အဲဒီ အိန္ဒိယ-မြန်မာ-တရုတ် လေယာဉ်လမ်းကြောင်းဟာ အလွန်မှအန္တရာယ်ကြီးမားပြီး ပိုင်းလော့တွေက The Hump လို့ ခေါ်ကြပါတယ်။ ၁၉၄၂-၄၅ ခုနှစ်အတွင်း အမေရိကန်လေယာဉ် (၄၆၀) စင်း ပျက်ကျခဲ့ပြီး၊ စစ်သား (၇၉၂) ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။
ဂျပန်အင်အားကောင်းနေပြီး မြန်မာပြည်ကနေ ဗြိတိသျှတွေလည်း ဆုတ်ခွာနေချိန်ဖြစ်လို့ ထောက်ပံ့ရေးလမ်းကြောင်းကို တည်ဆောက်ဖို့ အမေရိကန်စစ်တပ်တွေရဲ့ တာဝန်ဖြစ်လာပါတော့တယ်။ အဲဒါနဲ့ အမေရိကန် ဗိုလ်ချုပ်ကြီး General Joseph Stilwell ဦးဆောင်မှုနဲ့ SOS (Service of Supply) အဖွဲ့ဖွဲ့စည်းပြီး အိန္ဒိယပြည်ရဲ့ လီဒိုမြို့ကနေ မြန်မာပြည်မြောက်ပိုင်းကို ကျော်ဖြတ်ကာ တရုတ်ပြည် ကူမင်းအထိရောက်နိုင်မဲ့ လမ်းတစ်ခုဖောက်လုပ်ဖို့ စတင်စီစဉ်ခဲ့ပါတယ်။ လီဒိုမြို့ကို ရွှေးချယ်ရတာကတော့ လီဒိုမြို့ဟာ ကာလက္ကတားကလာတဲ့ မြောက်ဖက်ရထားလမ်းဆုံးမြို့နဲ့ နီးစပ်တာရယ်၊ နောက်ပြီး မြန်မာပြည်မြောက်ဖျားပိုင်းက တောင်ပတ်လမ်းတစ်ခုရဲ့အဆုံးနဲ့လည်း နီးကပ်နေတာကြောင့် ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ လီဒိုလမ်းမကြီးကို ဖောက်လုပ်ဖို့ ဖြစ်လာပါတယ်။
အိန္ဒိယနိုင်ငံမြောက်ပိုင်း Assam ပြည်နယ် Ledo မြို့လေးက စတင်ဖောက်လုပ်တာကြောင့် “လီဒိုလမ်း” ဆိုတဲ့နာမည်ကို သတ်မှတ်ခေါ်ဝေါ်ခဲ့ပါတယ်။ ဗိုလ်ချုပ် Joseph Stilwell ကို ဂုဏ်ပြုတဲ့အနေနဲ့ လီဒိုလမ်းကို Stilwill Road လည်းခေါ်ကြပါတယ်။ လီဒိုလမ်းဟာ (၄၆၅) မိုင်ရှည်လျားပြီး မြန်မာ-တရုတ်နယ်စပ်အနီးက မုံးယု (MongYu – မူဆယ်၊ ရှမ်းပြည်နယ် အနီး) မှာဆုံးပြီး အဲဒီမှာ Burma Road နဲ့ ပြန်ဆုံကြပါတယ်။ (မှတ်တမ်းတွေမှာ တခါတရံ လီဒိုလမ်းနဲ့ Burma Road ၂ ပိုင်းစလုံးကိုပေါင်းပြီး Stilwell Road လို့လည်း သုံးနှုန်းတာကို တွေ့ရပါတယ်။) လီဒိုလမ်းဟာ အိန္ဒိယပြည်အတွင်း လီဒို၊ Jairampur နဲ့ Nampong မြို့များကို ဖြတ်သန်းပြီး၊ ကချင်ပြည်နယ်မှာ ရှင်ဖွေယန်၊ ၀ါရာဆောက် (Warazup)၊ နမ္မတီး၊ မြစ်ကြီးနား၊ ဗန်းမော် နဲ့ ရှမ်းပြည်နယ်မှ နမ်းခမ်း နဲ့ မုံးယု စတဲ့မြို့တွေကို ဖြတ်သွားပါတယ်။
လီဒိုလမ်းကို ၁၉၄၂ ခုနှစ် ဒီဇင်ဘာ (၁၆) ရက် မှာ စတင်ဖောက်လုပ်ပြီး ၁၉၄၅ ခုနှစ် ဇန်န၀ါရီလထဲမှာ ပြီးဆုံးခဲ့ပါတယ်။ ခန့်မှန်းခြေ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း (၁၅၀) ကုန်ကျကာ အမေရိကန်စစ်သား (၁၅၀၀၀) နဲ့ ဒေသခံလုပ်သားအင်အား (၃၅၀၀၀) ပါဝင်ခဲ့ပြီး ထောင်ပေါင်းများစွာသော အမေရိကန်စစ်သားနဲ့ ဒေသခံများ သေဆုံးခဲ့ပါတယ်။ မှတ်သားစရာတခုကတော့ အမေရိကန်စစ်သားရဲ့ (၆၀) ရာခိုင်နှုန်းလောက်က အဖရိကန်-အမေရိကန်ခေါ် လူမည်းစစ်သားတွေ ပါဝင်ကြပါတယ်။ လီဒိုလမ်းကို ဗိုလ်ချုပ်ကြီး Stilwill အပြင် အနီးကပ်ကြီးကြပ် တာဝန်ယူခဲ့သူကတော့ စစ်အင်ဂျင်နီယာ ဗိုလ်မှုးကြီး Lewis A. Pick ဖြစ်ပါတယ်။ “ဒုတိယ ကမ္ဘာစစ်အတွင်းမှာ စစ်အင်ဂျင်နီယာတပ်ကို ပေးအပ်ခဲ့တဲ့ အခက်ခဲဆုံးသော တာဝန်တစ်ခု” လို့ Pick က မှတ်ချက်ချခဲ့ပါတယ်။ အမေရိကန် အင်ဂျင်နီယာတပ်သားတွေက လီဒိုလမ်းကို “Pick’s Pike” လို့ ခေါ်ကြပါတယ်။
ပထမဆုံးလမ်းပိုင်း (၁၀၃) မိုင်အရှည်ကို အိန္ဒိယပြည် လီဒိုမြို့ကနေ စတင်ခဲ့ပြီး အိန္ဒိယ-ကချင်ပြည်နယ် နယ်စပ်က တောတောင်ထူထပ်ပြီး ကြမ်းတမ်းမြင့်မားတဲ့ ပန်ဆောင်တောင်ကြား (Pangsau Pass) ကို ဖြတ်ကျော်ရပြီး တချို့နေရာမှာ အမြင့်ပေ (၄၆၀၀) အထိရှိပါတယ်။ တိုက်ဖွိုင့်၊ တုတ်ကွေး၊ ဌက်ဖျားရောဂါတွေ ထူထပ်ပြီး မိုးလည်းများတဲ့ ပန်ဆောင်တောင်ကြားဟာ ခက်ခဲကြမ်းတမ်းလွန်းအားကြီးလို့ စစ်အတွင်းမှာ “Hell Pass” လို့ နာမည်တွင်ခဲ့ပါတယ်။ ရှင်ဖွေယန်မြို့ကို ပထမဆုံးမြေတူးစက်ရောက်ခဲ့တာ ဒီဇင်ဘာ (၂၇) ရက်၊ ၁၉၄၂ ခု ဖြစ်ပါတယ်။
အဲဒီလမ်းအပိုင်းက ကားမိုင်း၊ မိုးကောင်း နဲ့ မြစ်ကြီးနားမြို့တွေမှာ အင်အားကြီးတဲ့ အမှတ် (၁၈) ဂျပန်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ ချန်ကေရှိတ်ရဲ့ တရုတ်စစ်သားတွေ (X Force) အတွက် ထောက်ပံ့ပစ္စည်းတွေပို့ဖို့ အသုံးဝင်ခဲ့ပါတယ်။ ဂျပန်တပ်တွေ တောင်ဖက်ကို ဆုတ်ခွာသွားချိန်မှာ ရှင်ဖွေယန်ကနေ လီဒိုလမ်းကို ဆက်လက်ဖောက်လုပ်ဖို့ လွယ်ကူခဲ့ပါတယ်။ ဂျပန်တွေလုပ်ထားတဲ့ လမ်းကြောင်းကိုလိုက်ပြီး ဆက်လက်ဖောက်လုပ်ခဲ့ပြီး ထောက်ပံ့ယာဉ်များသုံးဖို့ (၄) လက်မပတ်လည်ရှိ ဓာတ်ဆီပိုက်လိုင်း နှစ်လိုင်းကနေ လေးလိုင်းအထိ လမ်းကြောင်းတလျှောက် ချထားခဲ့ပါတယ်။
လီဒို – ရှင်ဖွေယန် (၁၀၃ မိုင်) လမ်းပိုင်း ပြီးစီးခဲ့တဲ့နောက် ၀ါရာဆောက်၊ မြစ်ကြီးနား၊ ဗန်းမော်အထိ (၃၇၂ မိုင်)၊ အဲဒီကနေတဆင့် ရှမ်းပြည်နယ် နမ်းခမ်း၊ Burma Road လမ်းဆုံ မုံးယုမြို့အထိ စုစုပေါင်း (၄၆၅) မိုင် ဖောက်လုပ်ခဲ့ပြီး ၁၉၄၅ ခုနှစ် နှစ်ဆန်းပိုင်းမှာ ပြီးစီးခဲ့ပါတယ်။ လီဒိုလမ်းဖောက်လုပ်ရာမှာ စုစုပေါင်း မြစ်ချောင်း (၁၀) ခု နဲ့ ချောင်းသေး (၁၅၅) ခု ဖြတ်သန်းခဲ့ရပြီး ပျမ်းမျှ (၂.၈ ) မိုင်တိုင်းမှာ တံတားတစ်ခု ဆောက်ခဲ့ရပါတယ်။
လီဒိုလမ်းပြီးစီးပြီးနောက် ပထမဆုံး ထောက်ပံ့ယာဉ်တန်း (၁၁၃) စင်းဟာ လီဒိုမြို့ကနေ ၁၉၄၅ ခုနှစ် ဇန်န၀ါရီ (၁၂) ရက် က စတင်ထွက်ခွာပြီး တရုတ်ပြည် ကူမင်းမြို့ကို ဖေဖေါ်ဝါရီ (၄) ရက်နေ့မှာ ရောက်ခဲ့ပါတယ်။ လီဒိုလမ်းကို အသုံးပြုပြီး (၆) လ အတွင်းမှာ အထောက်ပံ့ရိက္ခာ တန်ချိန် (၇၁၀၀၀) ကို တရုတ်ပြည်သို့ ပို့ဆောင်နိုင်ခဲ့ပါတယ်။ ၁၉၄၅ ခုနှစ် မေ (၂၀) ရက်နေ့မှာတော့ လီဒိုလမ်း ခေါ် Stilwell Road အား တရားဝင်ဖွင့်လှစ်ခဲ့ပါတယ်။
၁၉၄၅ ခုနှစ်အတွင်းမှာ လီဒိုလမ်းမကြီးနဲ့အတူ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းဖြစ်စဉ်အချို့ကတော့ မတ် (၇) ရက်မှာ မဟာမိတ်တပ်ဖွဲ့များက လားရှိုးမြို့ကို ဂျပန်လက်ထဲကတဆင့် ပြန်သိမ်းလိုက်ပါတယ်။ မတ် (၂၀) ရက်မှာ မန္တလေးမြို့၊ မေ (၃) ရက်မှာ ရန်ကုန်မြို့ စသဖြင့် ပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။ သြဂုတ် (၆) ရက်နေ့မှာ အမေရိကန်က ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ပေါ်ကို ပထမဆုံးသော အနုမြူဗုံးကြဲချပြီး၊ (၉) ရက်နေ့မှာ နာကာဇကီမြို့ပေါ်ကို အနုမြူဗုံး နောက်ထပ်တစ်လုံးချခဲ့ပါတယ်။ သြဂုတ် (၁၅) ရက်နေ့မှာ ဂျပန်ဧကရာဇ်မင်း ဟီရိုဟိတို (Hirohito) က လက်နက်ချဖို့ လက်ခံလိုက်ပါတယ်။ ၁၉၄၅ ခုနှစ် စက်တင်ဘာလ (၂) ရက်နေ့မှာ အမေရိကန်စစ်သင်္ဘော USS Missouri ပေါ်မှာ ဂျပန်က တရားဝင်လက်နက်ချကြောင်း လက်မှတ်ရေးထိုးခဲ့ပြီး ဒုတိယကမ္ဘာစစ်လည်း ပြီးဆုံးခဲ့ပါတယ်။
စစ်ပြီးဆုံးခဲ့တဲ့နောက်ပိုင်း လီဒိုလမ်းမကြီးကို အသုံးပြုတာ သိပ်မရှိတော့ပါဘူး။ မြန်မာပြည်လွတ်လပ်ရေး ရပြီးတဲ့နောက် လီဒိုလမ်းမကြီးဟာ တဖြည်းဖြည်း ပျက်စီးယိုယွင်း လာခဲ့ပါတယ်။ မှတ်တမ်းအရ နောက်ဆုံးအကြိမ် လီဒိုမြို့ကနေ မြစ်ကြီးနားမြို့အထိ ခရီးသွားခဲ့သူတွေကတော့ တက္ကသိုလ်ကျောင်းသား (၆) ယောက်ပါဝင်တဲ့ Oxford-Cambridge Overland Expedition အဖွဲ့ဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာ ၁၉၅၅ ခုနှစ်မှာ Land Rover ကားနှစ်စီးနဲ့ လီဒိုလမ်းအတိုင်း အိန္ဒိယကနေ မြန်မာပြည် မြစ်ကြီးနားမြို့အထိ မောင်းနှင်ခဲ့ပါတယ်။ အဖွဲ့ဝင်ဖြစ်တဲ့ Tim Slessor ရဲ့မှတ်တမ်းမှာ ပန်ဆောင်တောင်ကြားနဲ့ ရှင်ဖွေယန်မြို့အကြား တံတားတချို့ဟာ ပျက်စီးနေတာကို ရေးသားထားပါတယ်။
ပြီးခဲ့တဲ့နှစ် အနည်းငယ်ကစပြီး မြန်မာနိုင်ငံအစိုးရဟာ လီဒိုလမ်းမကြီးကို ပြန်လည်ပြုပြင်တည်ဆောက်ဖို့ လုပ်လာကြပါတယ်။ တရုတ်အစိုးရက မြစ်ကြီးနား – ကမ်ပိုင်တီ လမ်းပိုင်းကို ၂၀၀၇ ခုနှစ်မှာ ဖောက်လုပ်ပြီးစီးခဲ့ပြီး၊ ၂၀၁၀ ခုနှစ်မှာ မြန်မာနိုင်ငံ ယုဇနကုမ္ပဏီက မြစ်ကြီးနား – တနိုင်း လမ်းပိုင်းကို ဖောက်လုပ်ခွင့် ရခဲ့ပါတယ်။
ဒီနောက်ပိုင်းမှာ လီဒိုမြို့ရှိရာ Assam ပြည်နယ်က ဒေသခံတချို့က မြန်မာပြည်နယ်စပ် ပန်ဆောင်တောင်ကြားအနားအထိ လီဒိုလမ်းကြောင်းအတိုင်း မော်တော်ဆိုင်ကယ်၊ ကားတွေနဲ့ အုပ်စုလိုက် ခရီးထွက်ကြတာတွေ ပြုလုပ်လာကြပါတယ်။
၂၀၀၈ ခုနှစ်မှာ ယူနန်ပြည်နယ်က သမိုင်းပညာရှင် Ge Shuya ဦးဆောင်ပြီး တရုတ်ပြည်က သတင်းထောက် (၁၀၀) ကျော် ပါဝင်တဲ့အဖွဲ့နဲ့ လီဒိုလမ်းမကြီးအတိုင်း မြစ်ကြီးနားမြို့ကို ရောက်ရှိခဲ့ပါတယ်။ Ge Shuya ဟာ လီဒိုမြို့ကို ပထမဆုံးရောက်ဖူးတဲ့ တရုတ်နိုင်ငံသားလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ “… လီဒိုလမ်းမကြီးရဲ့ အစိတ်အပိုင်း၊ တောတောင်၊ မြစ်ချောင်း၊ မိုင်တိုင် တစ်ခုတိုင်းမှာ ပြောပြစရာ သမိုင်းအဖြစ်အပျက်တွေ အများကြီးရှိပါတယ် …” လို့ Ge Shuya က ပြောခဲ့ပါတယ်။
နိုင်ငံတကာခရီးသွား ဧည့်ညွန်အဖြစ်နဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိတဲ့ မြန်မာပြည်ဖွား မခိုင်ထွန်း ဆိုသူကလည်း ဒုတိယကမ္ဘာစစ် အတွင်းက ကျန်ရှိနေသေးတဲ့ အမေရိကန် စစ်မှုထမ်းဟောင်းတချို့ကို စုစည်းပြီး လီဒိုလမ်း၊ Burma Road စတဲ့ ခရီးစဉ်တွေကို စီစဉ်ပေးဖူးပါတယ်။ စာရေးသူ ဖော်ပြထားတဲ့ ဓာတ်ပုံတချို့ဟာ မခိုင်ထွန်း စုဆောင်းရရှိထားတဲ့ ဓာတ်ပုံတွေဖြစ်ပြီး ဒီနေရာကပဲ မခိုင်ထွန်းကို ကျေးဇူးအထူးတင်ရှိကြောင်း ပြောပြလိုက်ပါတယ်။
မြန်မာပြည်သူများလည်း အခွင့်အခါရခဲ့ရင် လီဒိုလမ်းမကြီးတလျှောက် ခရီးနှင်လှည့်လည်ရင်း စိတ်ဝင်စားစရာ အလွန်ကောင်းတဲ့ အတိတ်သမိုင်းကို ပြန်လည်ခံစား နိုင်ကြပါတယ်လို့ တိုက်တွန်းရင်း …။ ။
No comments :
Post a Comment
Note: Only a member of this blog may post a comment.