Monday, July 29, 2013

ဘာသာရေးဆိုင်ရာ ပွဲလမ်းများ

ရှမ်းအမျိုးသား ပွဲလမ်းသဘင်များမှာ များသောအားဖြင့် ဘာသာရေးဆိုင်ရာ ပွဲများသာ

 ဖြစ်သည်။ အများအားဖြင့် အောက်ပါ ပွဲများကို ကျင်းပလေ့ ရှိကြသည်-


(၁) ရှင်ပြုပွဲ



(၂) ဘုရားရုပ်ပွားတော် လှူပွဲ



(၃) ဓမ္မကျမ်းစာ ပုရပိုက် လှူပွဲ



(၄) အိမ်တက် မင်္ဂလာပွဲ နှင့်



(၅) ဆွမ်းတော်ကြီး ကပ်လှူပွဲ ~ များ
 ဖြစ်ကြသည်။


ဖော်ပြပါပွဲများတွင် ရှင်ပြုပွဲ၊ ဘုရားရုပ်ပွားတော် လှူပွဲနှင့် ကျမ်းစာပုရပိုက် လှူပွဲများကို 

တတ်နိုင်သူများက တဦးချင်း အနေနှင့်လည်းကောင်း သို့မဟုတ် ရပ်ရွာအလိုက်

 စုပေါင်း၍လည်းကောင်း ကျင်းပလေ့ ရှိသည်။ ထိုပွဲသုံးခုကို တနေရာတည်း၊ တချိန်တည်း

 ပူးပေါင်း ကျင်းပလေ့ရှိသည်။ ယင်းပွဲကျင်းပသည့်အခါ အလှူ့ဒကာတို့က

 ကျောင်းကန်ဘုရားအနီး သာယာပြန့်ပြူးသော နေရာတွင် ယာယီအလှူမဏ္ဍပ် ဆောက်လုပ်

 ကျင်းပကြသည်၊ မဏ္ဍပ်အလယ်နေရာတွင် လှူဖွယ်ပစ္စည်းများနှင့် ဘုရားရုပ်ပွားတော်တို့ကို

 လှပစွာ ပြင်ဆင်ထားသည်။ ဘုရားစင်တဖက်တချက်တွင် တတောင်ခန့်အမြင့်ရှိ စင်ထိုးပြီး

 ရာဇမတ်ကာ၊ လှေကားတပ်၍ ငှက်ပျောပင်၊ ကြံပင်များဖြင့် ဆင်ယင်ထားပြီ သက်ကယ်၊

 ကောက်ရိုးများ ကာရံထားသည်။ ၀င်းပေါက်များတွင် ရေအိုးစင်များ ဆောက်ထားသည်။

အလှူပွဲနေ့ရက် မတိုင်မီ ကြိုတင်၍ နီးစပ်ရာ ပတ်ဝန်းကျင်ရှိ ဆွေမျိုးသင်္ဂဟများအား အလှူပွဲသို့

 ကြွလာရန် လူလွှတ်၍ ဖိတ်ကြားလေ့ရှိသည်။ ဖိတ်ကြားခြင်းကို စကားပြောဆိုရာတွင် 

လိမ္မာယဉ်ကျေးသူများက ဆောင်ရွက်၍ ဖိတ်ကြားသည့်အခါ ကြက်လျှာနှင့် ပူးတွဲ 

ချည်နှောင်ထားသော မုန့်ထုပ်နှင့် ဖိတ်လေ့ဖိတ်ထ ရှိသည်။

အလှူနေ့တွင် ရှင်လောင်းများနှင့်တကွ အလှူပစ္စည်းများကို ပွဲခင်းမဏ္ဍပ်သို့ အိုးစည်၊

 ဗုံမောင်းများ တီးမှုတ်လျက် ဝေါဖြင့် တင်ဆောင်လာကြသည်။ ရှမ်းအမျိုးသားတို့၏

 ဓလေ့ထုံးစံအရ ရှင်ပြုလိုသည့် သားရှင် မိဘများးသည် သားအတွက် ရှင့်အဖနှင့် ရှင့်အမိရှာပြီး 

သားအား ရှင်ပြုပေးပါရန် အပ်နှံကြရသည်။ ရှင့်အဖနှင့် ရှင့်အမိတို့က ရှင်လောင်းကို 

အ၀တ်အစား ဆင်ယင်ပေးခြင်း၊ အလှပြင်ပေးခြင်း၊ ဘေးမှ စောင့်ရှောက်ပေးခြင်း တာဝန်များ 

ယူရသည်။ ရှင်ပြုအဖနှင့် အမိတို့သည် အလှူမှ ဆုများခံပြီး ရရှိသော ငွေများကို

 ရွာအတွက်လိုအပ်သော ပစ္စည်းများ ၀ယ်ထားရန် ပြန်၍ လှူခဲ့ကြသည်။ ရှင်ပြုပေးသော 

ရှင့်ဖရှင့်မိများအား ရှင်လောင်းက မိဘအရင်းကဲ့သို့ ချစ်ခင်လေးစားသည်။

ငွေကြေးတတ်နိုင်သည့် အခြေအနေကိုလိုက်ပြီး အလှူပွဲကို သုံးရက်၊ ငါးရက်၊ 

ခုနှစ်ရက်စသည်ဖြင့် ကျင်းပလေ့ ရှိသည်။ ရပ်ဝေးမှရောက်လာသော ဧည့်ပရိတ်သတ်တို့ 

တည်းခိုစားသောက်ရေး အားလုံးကို အလှူရှင်များက တာဝန်ယူကြရသည်။

အလှူ ရေစက်ချမည့်နေ့တွင် မဏ္ဍပ်သို့ ဘုန်းကြီးများအား ပင့်၍ ရှင်လောင်းများကို

 သာမဏေအဖြစ် သင်္ကန်းစည်းပေးပြီး လှူဖွယ်ရာများကို ရေစက်ချ လှူခြင်းဖြင့်

 အလှူအခမ်းအနား ပြီးမြောက်သည်။ ပွဲပြီးသောည၌ အလှူပွဲတွင် အချက်အပြုတ်မှစပြီး

 ပါဝင်ကူညီပေးသူများက အိုးစည်၊ ဗုံမောင်းများဖြင့် အလှူရှင်များအတွက် 


ဆုတောင်းပွဲလုပ်ကြကာ အလှူရှင်များကလည်း အကျွေးအမွေးနှင့် ဆုငွေများပေးကြသည်။

No comments :

Post a Comment

Note: Only a member of this blog may post a comment.