လွန်ခဲ့သော နှစ်တစ်ရာခန့်က အာရှနိုင်ငံများတွင် ကျားပေါင်း တစ်သိန်းကျော် ရှိခဲ့သော်လည်း ယခုအခါ ကျားကောင်ရေ ၃ဝဝဝ ခန့်သာ ရှိတော့သည်ဟု သိရသည်။ ဤကိန်းဂဏန်းသည် အာရှနိုင်ငံများတွင် ပေါက်ဖွားရှင်သန်နေသည့် တောဘုရင် ကျားတို့၏ နောက်ဆုံးကိန်း ဂဏန်းဖြစ်ပြီး ကျားမျိုးမတုံးရေးအတွက် အလျင်အမြန် ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်နေကြောင်း ဖော်ပြလျက်ရှိသည်။
အလွန်လှပ ခန့်ညားပြီး အလွန်ကြောက်မက်ဖွယ် ကောင်းသည့် တောဘုရင်ကျားများ ဤမျှလျင်မြန်စွာ ပြုန်းတီးပျောက်ကွယ် သွားခြင်းမှာ ယုံနိုင်စရာမရှိပါ။ ကျားသည် နိုင်ငံတိုင်းတွင် ပေါက်ဖွားရှင်သန်ခြင်းမရှိဘဲ ဟိမဝန္တာ တောင်တန်းများနှင့် ဆက်စပ်နေသော နိုင်ငံများတွင်သာ မြူးတူးပျော်ပါး ကျက်စားသော ထုံးစံရှိသည်။ အဝါရောင် ကိုယ်လုံးပေါ်တွင် အနက်ရောင် အစင်းများကန့်ထားသောကျားသည် အပူပိုင်းမိုးသစ်တော၏ ဘုရင်တစ်ဆူ ဖြစ်ခဲ့သည်။
ကမ္ဘာပေါ်တွင် ကျားများပေါက် ဖွားရှင်သန်သော နိုင်ငံပေါင်း ၁၃ နိုင်ငံရှိပြီး ထိုနိုင်ငံစာရင်းတွင် ဘင်္ဂလား ဒေ့ရှ်၊ ဘူတန်၊ ကမ္ဘောဒီယား၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ နီပေါ၊ ရုရှား၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံများ ပါဝင်သည်။ ရေမြေတောတောင် သဘာဝ ပတ်ဝန်းကျင် တူညီသော ထိုနိုင်ငံများတွင် ကျားများသားစဉ်မြေးဆက် ပေါက်ဖွားရှင်သန် ခဲ့သော်လည်း ယခု အချိန်တွင်မူ ကောင်ရေ ၃ဝဝဝ ခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။
အာရှနိုင်ငံများတွင် စက်မှုလုပ် ငန်းတိုးတက်ဖွံ့ဖြိုးလာခြင်း၊ သတ္တုတွင်းနှင့် သစ်လုပ်ငန်းများ အကြီးအကျယ် လုပ်ကိုင်ခြင်း၊ စိုက်ခင်းများ ချဲ့ထွင်ခြင်း၊ မြို့သစ်များတည်ခြင်းနှင့် လမ်းမကြီးများ ဖောက်လုပ်ခြင်းသည် ကျားတို့ကျက်စားသော နယ်မြေကို လုယူသကဲ့သို့ဖြစ်ပြီး ပေါက်ကွဲအား ကြီးမားသော သေနတ်များ ကိုင်ဆောင်သည့် မုဆိုးတို့၏လက်ချက်ကြောင့် လည်း ကျားများလျင်မြန်စွာ လျော့နည်းသွားခဲ့ရသည်။ ထို့ပြင် တရုတ်တိုင်းရင်းဆေးဝါးများတွင် အသုံးပြုရန် ကျား၏ခန္ဓာကိုယ် အစိတ်အပိုင်းများကို ဈေးကြီးပေး၍ ဝယ်ယူနေခြင်းကလည်း ကျားများကို စီးပွားဖြစ် သတ်ဖြတ်ရန် တွန်းအားပေးသကဲ့သို့ ဖြစ်နေခဲ့သည်။
ရှေးယခင်က ကျားပေါင်း တစ်သိန်းကျော် ရှိခဲ့သော်လည်း ယခုအချိန်တွင် ကောင်ရေ သုံးထောင်ခန့်သာ ကျန်ရှိတော့ခြင်းမှာ ထိုအကြောင်း အချက်များကြောင့်ဖြစ်သည်ဟု ယူဆသော်လည်း အကြောင်းတရားတစ်ခု နှစ်ခုကြောင့်မဟုတ်ဘဲ အကြောင်းတရား အားလုံး ဆုံစည်းသောကြောင့်သာ ဤမျှလျင်မြန်စွာ ကျားများ လျော့နည်းပြုန်းတီးသွားခြင်း ဖြစ်သည်ဟု သုံးသပ်ကြသည်။ ကျားများမျိုး မတုံးစေရေးအတွက် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ရပ် ချမှတ်မည့် ဆွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် မေ ၁၂ ရက် မှ ၁၄ ရက်အထိကျင်းပရာ ကျားများပေါက်ဖွားရှင်သန်သည့် နိုင်ငံ ပေါင်း ၁၃ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များလည်း ပါဝင် တက်ရောက်ကြောင်း သိရသည်။ ထိုဆွေးနွေးပွဲကို လက်ခံကျင်းပသည့် အင်ဒိုနီးရှားအရာရှိများက ''ဒီဆွေး နွေးပွဲမှာ ကမ္ဘာလုံးဆိုင်ရာ ကျားထိန်းသိမ်းရေး အစီအစဉ်မူကြမ်းတစ်ခု ချမှတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အင်ဒိုနီးရှားမှာ ရှင်သန်နေတဲ့ ဆူမာထရာကျားများအပါအဝင် ကျား အားလုံးမျိုးမတုံးရေးအတွက် ဒီဆွေး နွေးပွဲမှာ အဖြေရှာဖို့ စီစဉ်ထားပါ တယ်''ဟု ပြောခဲ့သည်။
ကမ္ဘာပေါ်တွင် ကျားမျိုးစိတ် ကိုးခုရှိခဲ့သည့်အနက် ယခုအခါ ခြောက်ခုသာကျန်ရှိတော့ကြောင်း ကမ္ဘာ့တောရိုင်းတိရစ္ဆာန်းရန်ပုံငွေအဖွဲ့ WWF အရာရှိများက ပြောကြား သည်။ အင်ဒိုနီးရှား ကျွန်းများပေါ်တွင် ယခင်ကကျားများ အလွန်ပေါသော်လည်း ယခုအခါ ဆူမာထရာ ကျားကောင်ရေ ၄ဝဝ ခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။ မဟာမဲ ခေါင်ဒေသအတွင်းရှိ တောကြီးများ ထဲတွင် လွန်ခဲ့သော ၁၂ နှစ်ခန့်က ကျားကောင်ရေ ၁၂ဝဝ ခန့်ရှိခဲ့သော်လည်း ယခုအခါ ကျားကောင်ရေ ၃၅ဝ ခန့်သာ ကျန်ရှိတော့ကြောင်း သစ်တောအရာရှိများက ပြောပြသည်။ ရှစ်နှစ်အတွင်း မဟာမဲခေါင်ဒေသရှိ ကျားကောင်ရေ ရာခိုင်နှုန်း ၇ဝ လျော့ နည်းလာခြင်းဖြစ်သည်။ မဟာမဲခေါင် ဒေသအတွင်းရှိ မြန်မာ၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား နိုင်ငံများတွင် ကျားကောင်ရေ သိသိသာသာ လျော့နည်းလာပြီး မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြားတောတောင်များ ထဲတွင် ယခုအခါ ကျားကောင်ရေ ၂၅ဝ ကျော်သာ ရှိတော့ကြောင်း ကျားထိန်းသိမ်းရေး တာဝန်ခံ အရာရှိ မစ္စတာ နစ်ကော့က ပြောခဲ့သည်။
အင်ဒိုနီးရှား သစ်တောရေးရာဝန်ကြီး ဇာကီဖလီဟာဆန်က ''ကျွန်တော်တို့ဟာ ကျားတွေဆက်လက် ရှင်သန်ဖို့အတွက် အမြင်ချင်းဖလှယ်ဖို့ လာရောက်ခြင်း ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ကျားမျိုးစိတ်ကိုးခု ရှိခဲ့ပေမယ့် အခု မျိုးစိတ်ခြောက်ခုပဲ ကျန်တော့တယ်။ အင်ဒိုနီးရှားနိုင်ငံမှာ အရင်တုန်းက အင်မတန်လှပခံ့ငြားတဲ့ ကျားကြီးတွေရှိခဲ့တယ်။ ဂျားဗားကျား၊ ဘာလီကျားနဲ့ ဆူမထရာကျားဆိုပြီး ကမ္ဘာကျော်ခဲ့တယ်။ အခု ဂျားဗားနဲ့ ဘာလီကျားတွေမျိုးတုံး ပျောက်ကွယ်သွားပြီ၊ ဆူမာထရာ ကျားတွေပဲ ကောင်ရေ ၄ဝဝ လောက် ကျန်တော့တယ်။ ဆူမာထရာကျား တွေဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ နောက် ဆုံးကျားမျိုးစိတ်ဖြစ်တဲ့အတွက် စနစ် တကျထိန်းသိမ်းစောင့်ရှောက်ဖို့ လို နေပါတယ်''ဟု ပြောခဲ့သည်။
ဘာလီဆွေးနွေးပွဲ တက်ရောက်သည့် ၁၃ နိုင်ငံမှ ကိုယ်စားလှယ်များသည် မိမိနိုင်ငံတွင် ကျန်ရှိသည့် ကျားကောင်ရေနှင့် ကျားထိန်းသိမ်း စောင့်ရှောက်ရေး အစီအစဉ်များကို အသေးစိတ်တင်ပြပြီး အပြန်အလှန် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသည်။ ကျားများကျက်စားသော တောများ မပြုန်းတီးရေးနှင့် မုဆိုးများကို ဥပဒေနှင့် အညီထိန်းသိမ်းရေး၊ ပြစ်ဒဏ်ချမှတ်ရေး ကိစ္စများကိုလည်း အလေးအနက် တင်ပြခဲ့သည်။ အာရှနိုင်ငံများတွင် သစ်တောများကို အကြီးအကျယ် ခုတ်ထွင်ခြင်းသည် လူနှင့်ကျားများ ကြားတွင် ပဋိပက္ခ ဖြစ်ပေါ်စေကြောင်း တောပြုန်းသဖြင့် ဆင်များ၊ ကျားများအတွက် စားကျက်ပျောက်ကွယ်သွားပြီး ကျေးရွာများအနီး ချဉ်းကပ်ရန် တွန်းအားပေးသကဲ့သို့ ဖြစ်နေကြောင်း တင်ပြဆွေးနွေးခဲ့ကြသည်။
တောတောင်များအတွင်း ပေါက်ဖွားရှင်သန်နေသော ကျားများ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို တရုတ်တိုင်းရင်း ဆေးဝါးများတွင် အသုံးပြု နေခြင်းကို ဥပဒေနှင့် တားမြစ်ပိတ်ပင်ရန်လည်း သုတေသီအချို့က အကြံပြု တင်ပြကြသည်။ တိုင်းရင်းဆေးဝါးများကို သစ်တောထွက် ဘယဆေးပင်များဖြင့် ဖော်စပ်လျှင် ကျားများအမဲ လိုက်ခံရမှု လျော့နည်းသွားနိုင်သည်ဟုလည်း ထောက်ပြကြသည်။ ဘာလီကျွန်း ဆွေးနွေးပွဲသည် ကျားများပေါက်ပွား ရှင်သန်သည့်နိုင်ငံပေါင်း ၁၃ နိုင်ငံ ကိုယ်စားလှယ်များတက် ရောက်သည့် ဆွေးနွေးပွဲဖြစ်ရာ တင်ပြဆွေးနွေးမှုများ အလွန်ထိရောက်ပြီး ကမ္ဘာလုံးဆိုင်ရာ ကျားထိန်းသိမ်း စောင့်ရှောက်ရေး စီမံကိန်းမူကြမ်းကို ရေးဆွဲနိုင်ခဲ့သည့်အပြင် စက်တင်ဘာ ၁၅ ရက်မှ ၁၈ ရက်အထိ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပမည့် ကမ္ဘာလုံးဆိုင်ရာ ကျားထိန်းသိမ်း စောင့်ရှောက်ရေး ထိပ်သီးဆွေးနွေးပွဲ တွင် ထိုစီမံကိန်းမူကြမ်းကို တင်ပြ ရန်သဘောတူခဲ့ကြသည်။
စိန့်ပီတာ စဘတ်မြို့၌ ကျင်းပမည့် ကမ္ဘာလုံးဆိုင်ရာ ကျားထိန်း သိမ်းစောင့်ရှောက်ရေး ထိပ်သီးဆွေး နွေးပွဲသို့ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ နီပေါ၊ ရုရှား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ရန် ဖိတ်ကြားထားပြီး ထိုထိပ်သီးဆွေးနွေးပွဲတွင် တောဘုရင်ကျားတို့၏ အနာဂတ်အတွက် အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်လိမ့်မယ်ဟု မျှော်လင့်ထား သည်။ စိန့်ပီတာစဘတ် ထိပ်သီး ဆွေးနွေးပွဲသည် ကျားထိန်းသိမ်းရေး အတွက် ပထမဆုံးကျင်းပသည့်ကမ္ဘာ့ အဆင့်ထိပ်သီးဆွေးနွေးပွဲဖြစ်ပြီး ကျား များမျိုးတုံး ပျောက်ကွယ်သွားမည် ကို လူသားများစိုးရိမ်ပူပန်နေကြောင်း ဖော်ပြသည့် ဆွေးနွေးပွဲလည်း ဖြစ် သည်။
အင်ဒိုနီးရှားနိုင်ငံ ကျားထိန်း သိမ်းရေးပညာရှင် ဟယ်ရီဆန်တိုဆိုက ''ကျွန်တော်တို့နိုင်ငံမှာ ကျန်ရှိနေတဲ့ ဆူမာထရာကျား ၄ဝဝ ကို ၂ဝ၂၂ ခုနှစ်မှာ နှစ်ဆတိုးလာအောင် စီမံကိန်းတွေ ချမှတ်ဆောင်ရွက်နေပါ တယ်။ အဲဒီစီမံကိန်းအောင်မြင်ဖို့ အတွက် နိုင်ငံခြားအကူအညီ ဒေါ်လာ ၁၇၅ သန်းတောင်းခံဖို့ စီစဉ်နေပါတယ်။ ကျွန်တော်တို့ ဘာမှမလုပ် နိုင်ရင် အင်ဒိုနီးရှားအပါအဝင် တစ်ကမ္ဘာလုံးမှာ ရှိတဲ့ကျားတွေ ၂ဝ၃၅ ခုနှစ်မှာ လုံးဝမျိုးတုံးပျောက်ကွယ် သွားပါလိမ့်မယ်''ဟု ပြောခဲ့သည်။ ကျားကောင်ရေတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် အမေရိကန် ပြည်ထောင်စု၊ သြစတေးလျ၊ ဂျာမနီ၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေး ဘဏ်တို့က အလှူငွေများထည့်ဝင်လိမ့်မည် ဟု မျှော်လင့်ကြောင်းလည်း မစ္စတာ ဆန်တိုဆိုက ပြောခဲ့သည်။
တောဘုရင်ကျားတို့အတွက် တစ်ကမ္ဘာလုံးစိုးရိမ်ပူပန်နေချိန်တွင် မြန်မာနိုင်ငံမြောက်ပိုင်းရှိ ဟူးကောင်း ချိုင့်ဝှမ်းဒေသတစ်ခုလုံးကို ကျားထိန်း သိမ်းရေးနယ်မြေအဖြစ် တရားဝင် သတ်မှတ်ကြောင်း မြန်မာအစိုးရက သြဂုတ် ၃ ရက်တွင် ကြေညာခဲ့ရာ တစ်ကမ္ဘာလုံး စိတ်ဝင်စားသောသတင်း ဖြစ်လာပြီး သဘာဝ ပတ်ဝန်းကျင် ဝါဒီများ၊ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး အဖွဲ့များက ဝမ်းသာအားရ ကြို ဆိုကြောင်းသိရသည်။
အမေရိကန်ပြည်ထောင်စုမှ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ -WCS က ထိုသတင်းကို အတည်ပြုခဲ့ပြီး အာရှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ကောလင်းပူလီက ''မြန်မာနိုင်ငံဟာ အရှေ့တောင် အာရှမှာ ကျားတွေထိန်းသိမ်း စောင့်ရှောက်ဖို့အတွက် အကောင်းဆုံး မျှော်လင့်ချက်တွေ ကမ်းလှမ်းတာပါ ပဲ။ ဟူးကောင်းတောင်ကြား ကျားထိန်းသိမ်းရေးစခန်း တိုးချဲ့သတ်မှတ်ကြောင်း ကြေညာတာဟာ ကမ္ဘာ့ကျား ထိန်းသိမ်းရေး လုပ်ငန်းအတွက် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ပါတယ်'' ဟု ပြောခဲ့သည်။
မြန်မာနိုင်ငံသည် ဟူးကောင်း တောင်ကြားဒေသ အကျယ်အဝန်း စတုရန်းမိုင် ၂၅ဝဝ(စတုရန်းကီလိုမီ တာ ၆၅ဝဝ)ကို ၂ဝဝ၄ ခုနှစ်မှစ၍ ကျားထိန်းသိမ်းစောင့်ရှောက်ရေးနယ် မြေအဖြစ် သတ်မှတ်ခဲ့ပြီး ယခုလ ဆန်းတွင် ဟူးကောင်းတောင်ကြား ကျားထိန်းသိမ်းစောင့်ရှောက်ရေးနယ် မြေကို စတုရန်းမိုင် ၈၄၅၂ (စတုရန်း ကီလိုမီတာ ၂၂ဝဝဝ) သို့တိုးချဲ့သတ် မှတ်ခြင်းဖြစ်သည်။ မြန်မာ့အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့်ဝန်ကြီးများ ယခုနှစ်ဆန်းတွင် ဟူးကောင်းချိုင့်ဝှမ်း သို့သွားရောက်ကြည့်ရှုပြီးနောက် ကျားထိန်းသိမ်းစောင့်ရှောက်ရေးနယ် မြေကို သုံးဆတိုးချဲ့ရန် ကြေညာခြင်း ဖြစ်ကြောင်း သိရသည်။
ကျားမျိုးမတုံးရေးအတွက် ၁၃ နိုင်ငံမှ ကိုယ်စားလှယ်များ ဘာလီတွင် တွေ့ဆုံဆွေးနွေးပြီးနောက် မြန်မာနိုင်ငံက ကျားထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းစဉ် တစ်ရပ်ကို လက်တွေ့ကျ ကျဆောင်ရွက်ခြင်းသည် ကျန်သော နိုင်ငံများအတွက် နမူနာကောင်းဖြစ် နိုင်သည်ဟု ယူဆကြသည်။ ဟူးကောင်းတောင်ကြား ကျားထိန်းသိမ်း စောင့်ရှောက်ရေး နယ်မြေကို သုံးဆ တိုးချဲ့သတ်မှတ်ကြောင်း ကြေညာခြင်းကြောင့် ဧရိယာအားဖြင့် ဆွစ်ဇာလန်နိုင်ငံ၏ ထက်ဝက်ခန့်အထိ တိုးလာကြောင်းသိရပြီး ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေးစခန်းဖြစ် လာပြီဟု မီဒီယာများက ရေးသားဖော် ပြနေကြသည်။
ဟူးကောင်းတောင်ကြားသည် ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေး စခန်းဖြစ်လာသော်လည်း ရေမြေတော တောင်သဘာဝအရ ကျေးငှက်ပေါင်း စုံကျက်စားခဲ့ကြောင်းသိရသည်။ ကမ္ဘာပေါ်တွင် ရှားပါးနေသော ငှက်မျိုးစိတ် ၃၅ဝ ခန့် ဟူးကောင်းတောင် ကြားသစ်တောများထဲတွင် ကျက်စားနေပြီး ကမ္ဘာပေါ်ရှိ အပင်မျိုးစိတ်ပေါင်း ၁၃၅ဝဝ အနက် ၃ဝဝဝ ခန့် ရှင်သန်းပေါက်ရောက်နေကြောင်းလည်း သိရသည်။ Panthera ကြောင်မျိုးနွယ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ အမှုဆောင်အရာရှိချုပ် -Alan Rabinowitz က''ဒီလို ဖြစ်လာဖို့ အတွက် ကျွန်တော်နှစ်ပေါင်းများစွာ အိပ်မက် မက်ခဲ့ပါတယ်။ ၂ဝဝ၄ ခုနှစ်ကစခဲ့တဲ့ ခြေလှမ်းတွေ အခု အကောင်အထည် ပေါ်လာပါပြီ။ ဟူးကောင်းတောင်ကြားက ကမ္ဘာ့ ကျားထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းမှာ အရေးပါတဲ့ စခန်းကြီး ဖြစ်လာပါပြီ။ မြန်မာအစိုးရနဲ့ မြန်မာ ပြည်သူတွေ ကျားထိန်းသိမ်းစောင့် ရှောက်ရေးလုပ်ငန်း အရေးပါပုံကို နားလည်တာဟာ အလွန်အံ့သြဖို့ ကောင်းပါတယ်''ဟုပြောခဲ့သည်။ ယခုအချိန်တွင် ဟူးကောင်းတောင် ကြား၌ စုစုပေါင်း ကျားကောင်ရေ ၅ဝ ခန့်ရှိသည်ဟု ပညာရှင်များ ခန့် မှန်းထားသည်။ သဘာဝတောတောင် များကြားထဲတွင် လွတ်လပ်ပျော်ရွှင်စွာ လှုပ်ရှားသွားလာနေသော ကျားတို့၏ အလေ့အထကို ထောင်ချောက် ကင်မရာများဖြင့် ရိုက်ကူးမှတ်တမ်း တင်ကာ စနစ်တကျထိန်းသိမ်းစောင့် ရှောက်နေကြပြီဖြစ်သည်။
ဘသန်းတင်
No comments :
Post a Comment
Note: Only a member of this blog may post a comment.