Saturday, September 21, 2013

မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုလျော့ကျရေး - လမ်းပြစာတမ်း ( အပိုင်း ၂ )


(ခ) ဆင်းရဲမှုကို တိုင်းတာခြင်း


၁၃။ ဆင်းရဲမှုအဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်ညွှန်းကိန်းများကို သတ်မှတ်ပြီးသည့်အခါ ယင်းတို့ကိုအခြေခံ၍ ဆင်းရဲနွမ်းပါးမှုကို တိုင်းတာရန် လိုအပ်ပါသည်။ ယင်းသို့ပြုလုပ်ရာတွင် အဆင့်သုံးဆင့်ရှိပါသည်။

၁၄။ ပထမအဆင့်မှာ အိမ်ထောင်စု စစ်တမ်းကောက်ယူခြင်းဖြစ်ပါသည်။ ဆင်းရဲမှုနှင့်ပတ်သက်၍ တိုင်းတာမှုအားလုံးသည် ၄င်းစစ်တမ်းကောက်ယူမှုအပေါ် မူတည်ပါသည်။ စစ်တမ်းကောက်ယူရာတွင် သင့်လျော်သောစာရင်းအင်းနည်းပညာကို ရွေးချယ်အသုံးပြုသည့်အပြင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေသော ကမ္ဘာ့ဘဏ်၏ လူနေမှုအဆင့်အတန်း တိုင်းတာမှုစစ်တမ်း Living Standards Measurement Survey (LSMS) နည်းလမ်းကို ရွေးချယ်အသုံးပြုလေ့ရှိပါသည်။ ထိုနည်းလမ်းတွင် အပိုင်းသုံးပိုင်းရှိပါသည်။ အိမ်ထောင်စုစစ်တမ်းမေးခွန်းလွှာ (Household Questionnaire) တွင် အိမ်ထောင်စုဖွဲ့စည်း ထားပုံ၊ စားသုံးမှုပုံစံ၊ ပစ္စည်းပိုင်ဆိုင်မှု၊ မြေပိုင်ဆိုင်မှု၊ ဝင်ငွေ၊ အလုပ်အကိုင်၊ ပညာရေး၊ ကျန်းမာရေးအခြေအနေ စသည်တို့နှင့် ပတ်သက်သည့် စစ်တမ်းမေးခွန်းလွှာထုတ်ခြင်းမျိုးဖြစ်သည်။ ရပ်ရွာမေးခွန်းလွှာ (Community Questionnaire) တွင် ရပ်ရွာခေါင်းဆောင်များ (ကျေးရွာရှိ ရှေးမီနောက်မီ လူကြီးများ၊ အရာရှိများ၊ ဆရာများ၊ ကျန်းမာရေးလုပ်သားများ)အား ရပ်ရွာတစ်ခုလုံးနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို မေးမြန်းခြင်းမျိုးဖြစ်သည်။ ဥပမာအားဖြင့် ကျန်းမာရေး ဆေးခန်းအရေအတွက်၊ ကျောင်းတက်နိုင်မှု၊ အခွန်ကောက်ခံမှုနှင့် စိုက်ပျိုးရေးပုံစံ စသည့်အချက်အလက်များ ဖြစ်ပါသည်။ နောက်ဆုံးအချက်အနေဖြင့် ကုန်ဈေးနှုန်းဆိုင်ရာမေးခွန်းလွှာ (Price Questionnaire) အားဖြင့် သက်ဆိုင်ရာကုန်စည်နှင့် ဝန်ဆောင်မှုများ၏ဈေးနှုန်းကို မေးမြန်းခြင်းဖြစ်ပါသည်။

၁၅။ အိမ်ထောင်စုစစ်တမ်းကောက်ပြီးပါက နောက်အဆင့်မှာ ဆင်းရဲမှုမျဉ်း (Poverty Line)သတ်မှတ်ရန်ပင် ဖြစ်ပါ သည်။ ဆင်းရဲမှုမျဉ်းကို အခြေခံလိုအင် (Basic Needs) ဖြည့်ဆည်းရန်အတွက် လိုအပ်သည်ဟု ထည့်သွင်းစဉ်းစားထား သောအစားအစာနှင့် အစားအစာမဟုတ်သော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ဖော်ထုတ်ရာမှ ရရှိမည်ဖြစ်သည်။ ထိုကုန် ပစ္စည်းနှင့်ဝန်ဆောင်မှုတို့၏တန်ဖိုးကို ခန့်မှန်းတွက်ချက်ခြင်းဖြင့် ဆင်းရဲမှုမျဉ်းကို ရရှိပါမည်။

၁၆။ ဆင်းရဲမှုမျဉ်းအမျိုးမျိုးရှိနိုင်ပါသည်။ ဥပမာအားဖြင့် မြို့ပြများတွင်နေထိုင်သူတို့၏ကုန်ကျစရိတ်သည် ကျေးလက်ဒေသ တွင်နေထိုင်သူတို့၏ကုန်ကျစရိတ်ထက် ပိုမိုများပြားမည်ဖြစ်သည်။ ထို့ကြောင့်ပင် နိုင်ငံအသီးသီး၌ မြို့ပြနှင့် ကျေးလက်တို့အတွက် ဆင်းရဲမှုမျဉ်းကို ခွဲခြားသတ်မှတ်ထားလေ့ရှိသည်။ အစားအသောက်သည် ဆင်းရဲနွမ်းပါးသူတို့အတွက် အဓိကလိုအပ်ချက်ဖြစ်၍ အစားအသောက်ဆင်းရဲမှုမျဉ်း (Food Poverty Line) ကို အစားအစာနှင့် အစားအစာမဟုတ်သောကုန်စည်နှင့် ဝန်ဆောင်မှုများပါဝင်သည့် အထွေထွေဆင်းရဲမှုမျဉ်းတို့ကို ခွဲခြားသတ်မှတ်လေ့ရှိပါသည်။ အချိန်ကာလအလျောက် ဆင်းရဲမှု မျဉ်းကို ပြင်ဆင်မှုပြုရပါသည်။ ငွေကြေးဖောင်းပွမှုသည် အကြောင်းရင်းတစ်ခုဖြစ်ပါသည်။ နောက်တစ်ချက်မှာ နိုင်ငံတစ်နိုင်ငံ သည် ဖွံ့ဖြိုးတိုးတက်လာပါက သာမန်လူတို့၏ ပျမ်းမျှလူနေမှုအဆင့်လည်း မြင့်တက်လာမည်ဖြစ်ပြီး ထိုပြောင်းလဲမှုနှင့်အညီ ဆင်းရဲမှုမျဉ်းကို ပြင်ဆင်သတ်မှတ်ရန် လိုအပ်ပါမည်။

၁၇။ ဆင်းရဲမှုမျဉ်းကို သတ်မှတ်ပြီးသည့်အခါ နိုင်ငံအတွင်း ဆင်းရဲမှုအတိုင်းအဆပမာဏကိုသိရှိနိုင်ပါသည်။ ဝင်ငွေအရ သို့မဟုတ် စားသုံးမှုစရိတ်များအရ ဆင်းရဲမှုမျဉ်းအောက်တွင်ရှိနေသော လူဦးရေရာခိုင်နှုန်းကို တွက်ချက်သိရှိနိုင်ပါမည်။ ၄င်းကို လူဦးရေဆင်းရဲမှုညွှန်းကိန်း (Headcount Poverty Index) သို့မဟုတ် လူဦးရေအရ ဆင်းရဲမှုနှုန်း(Poverty Rate)ဟု ခေါ်ဆိုပြီး ထိုအညွှန်းကိန်းမှာ တွက်ချက်ရလွယ်ကူ၍ နားလည်ရန်လည်း လွယ်ကူသည့်အတွက် အသုံးများပါသည်။ ထိုသို့သောနည်းလမ်း အားဖြင့် တိုင်းတာ၍ရသောရလဒ်ကို နိုင်ငံ၏ Absolute Poverty Index ဟု ခေါ်ပါသည်။