၁၃။ ဆင်းရဲမှုအဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်ညွှန်းကိန်းများကို သတ်မှတ်ပြီးသည့်အခါ ယင်းတို့ကိုအခြေခံ၍ ဆင်းရဲနွမ်းပါးမှုကို တိုင်းတာရန် လိုအပ်ပါသည်။ ယင်းသို့ပြုလုပ်ရာတွင် အဆင့်သုံးဆင့်ရှိပါသည်။
၁၄။ ပထမအဆင့်မှာ အိမ်ထောင်စု စစ်တမ်းကောက်ယူခြင်းဖြစ်ပါသည်။ ဆင်းရဲမှုနှင့်ပတ်သက်၍ တိုင်းတာမှုအားလုံးသည် ၄င်းစစ်တမ်းကောက်ယူမှုအပေါ် မူတည်ပါသည်။ စစ်တမ်းကောက်ယူရာတွင် သင့်လျော်သောစာရင်းအင်းနည်းပညာကို ရွေးချယ်အသုံးပြုသည့်အပြင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေသော ကမ္ဘာ့ဘဏ်၏ လူနေမှုအဆင့်အတန်း တိုင်းတာမှုစစ်တမ်း Living Standards Measurement Survey (LSMS) နည်းလမ်းကို ရွေးချယ်အသုံးပြုလေ့ရှိပါသည်။ ထိုနည်းလမ်းတွင် အပိုင်းသုံးပိုင်းရှိပါသည်။ အိမ်ထောင်စုစစ်တမ်းမေးခွန်းလွှာ (Household Questionnaire) တွင် အိမ်ထောင်စုဖွဲ့စည်း ထားပုံ၊ စားသုံးမှုပုံစံ၊ ပစ္စည်းပိုင်ဆိုင်မှု၊ မြေပိုင်ဆိုင်မှု၊ ဝင်ငွေ၊ အလုပ်အကိုင်၊ ပညာရေး၊ ကျန်းမာရေးအခြေအနေ စသည်တို့နှင့် ပတ်သက်သည့် စစ်တမ်းမေးခွန်းလွှာထုတ်ခြင်းမျိုးဖြစ်သည်။ ရပ်ရွာမေးခွန်းလွှာ (Community Questionnaire) တွင် ရပ်ရွာခေါင်းဆောင်များ (ကျေးရွာရှိ ရှေးမီနောက်မီ လူကြီးများ၊ အရာရှိများ၊ ဆရာများ၊ ကျန်းမာရေးလုပ်သားများ)အား ရပ်ရွာတစ်ခုလုံးနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို မေးမြန်းခြင်းမျိုးဖြစ်သည်။ ဥပမာအားဖြင့် ကျန်းမာရေး ဆေးခန်းအရေအတွက်၊ ကျောင်းတက်နိုင်မှု၊ အခွန်ကောက်ခံမှုနှင့် စိုက်ပျိုးရေးပုံစံ စသည့်အချက်အလက်များ ဖြစ်ပါသည်။ နောက်ဆုံးအချက်အနေဖြင့် ကုန်ဈေးနှုန်းဆိုင်ရာမေးခွန်းလွှာ (Price Questionnaire) အားဖြင့် သက်ဆိုင်ရာကုန်စည်နှင့် ဝန်ဆောင်မှုများ၏ဈေးနှုန်းကို မေးမြန်းခြင်းဖြစ်ပါသည်။
၁၅။ အိမ်ထောင်စုစစ်တမ်းကောက်ပြီးပါက နောက်အဆင့်မှာ ဆင်းရဲမှုမျဉ်း (Poverty Line)သတ်မှတ်ရန်ပင် ဖြစ်ပါ သည်။ ဆင်းရဲမှုမျဉ်းကို အခြေခံလိုအင် (Basic Needs) ဖြည့်ဆည်းရန်အတွက် လိုအပ်သည်ဟု ထည့်သွင်းစဉ်းစားထား သောအစားအစာနှင့် အစားအစာမဟုတ်သော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ဖော်ထုတ်ရာမှ ရရှိမည်ဖြစ်သည်။ ထိုကုန် ပစ္စည်းနှင့်ဝန်ဆောင်မှုတို့၏တန်ဖိုးကို ခန့်မှန်းတွက်ချက်ခြင်းဖြင့် ဆင်းရဲမှုမျဉ်းကို ရရှိပါမည်။
၁၆။ ဆင်းရဲမှုမျဉ်းအမျိုးမျိုးရှိနိုင်ပါသည်။ ဥပမာအားဖြင့် မြို့ပြများတွင်နေထိုင်သူတို့၏ကုန်ကျစရိတ်သည် ကျေးလက်ဒေသ တွင်နေထိုင်သူတို့၏ကုန်ကျစရိတ်ထက် ပိုမိုများပြားမည်ဖြစ်သည်။ ထို့ကြောင့်ပင် နိုင်ငံအသီးသီး၌ မြို့ပြနှင့် ကျေးလက်တို့အတွက် ဆင်းရဲမှုမျဉ်းကို ခွဲခြားသတ်မှတ်ထားလေ့ရှိသည်။ အစားအသောက်သည် ဆင်းရဲနွမ်းပါးသူတို့အတွက် အဓိကလိုအပ်ချက်ဖြစ်၍ အစားအသောက်ဆင်းရဲမှုမျဉ်း (Food Poverty Line) ကို အစားအစာနှင့် အစားအစာမဟုတ်သောကုန်စည်နှင့် ဝန်ဆောင်မှုများပါဝင်သည့် အထွေထွေဆင်းရဲမှုမျဉ်းတို့ကို ခွဲခြားသတ်မှတ်လေ့ရှိပါသည်။ အချိန်ကာလအလျောက် ဆင်းရဲမှု မျဉ်းကို ပြင်ဆင်မှုပြုရပါသည်။ ငွေကြေးဖောင်းပွမှုသည် အကြောင်းရင်းတစ်ခုဖြစ်ပါသည်။ နောက်တစ်ချက်မှာ နိုင်ငံတစ်နိုင်ငံ သည် ဖွံ့ဖြိုးတိုးတက်လာပါက သာမန်လူတို့၏ ပျမ်းမျှလူနေမှုအဆင့်လည်း မြင့်တက်လာမည်ဖြစ်ပြီး ထိုပြောင်းလဲမှုနှင့်အညီ ဆင်းရဲမှုမျဉ်းကို ပြင်ဆင်သတ်မှတ်ရန် လိုအပ်ပါမည်။
၁၇။ ဆင်းရဲမှုမျဉ်းကို သတ်မှတ်ပြီးသည့်အခါ နိုင်ငံအတွင်း ဆင်းရဲမှုအတိုင်းအဆပမာဏကိုသိရှိနိုင်ပါသည်။ ဝင်ငွေအရ သို့မဟုတ် စားသုံးမှုစရိတ်များအရ ဆင်းရဲမှုမျဉ်းအောက်တွင်ရှိနေသော လူဦးရေရာခိုင်နှုန်းကို တွက်ချက်သိရှိနိုင်ပါမည်။ ၄င်းကို လူဦးရေဆင်းရဲမှုညွှန်းကိန်း (Headcount Poverty Index) သို့မဟုတ် လူဦးရေအရ ဆင်းရဲမှုနှုန်း(Poverty Rate)ဟု ခေါ်ဆိုပြီး ထိုအညွှန်းကိန်းမှာ တွက်ချက်ရလွယ်ကူ၍ နားလည်ရန်လည်း လွယ်ကူသည့်အတွက် အသုံးများပါသည်။ ထိုသို့သောနည်းလမ်း အားဖြင့် တိုင်းတာ၍ရသောရလဒ်ကို နိုင်ငံ၏ Absolute Poverty Index ဟု ခေါ်ပါသည်။
၁၈။ ဆင်းရဲနွမ်းပါးသူများကို အဓိပ္ပာယ်သတ်မှတ်ရာတွင် ၄င်းတို့ရရှိသောဝင်ငွေနှင့် လူမှုအဖွဲ့အစည်း၏ ပျမ်းမျှဝင်ငွေတို့ဖြင့် နှိုင်းယှဉ်၍ တိုင်းတာသတ်မှတ်သည့်နည်းလည်း ရှိပါသည်။ ဥပမာအားဖြင့် ဥရောပသမဂ္ဂတွင် ဆင်းရဲနွမ်းပါးမှုကိုသတ်မှတ်ရာ၌ နိုင်ငံတစ်နိုင်ငံရှိ လူ့အဖွဲ့အစည်း၏ တစ်ဦးချင်းပျမ်းမျှဝင်ငွေကို တွက်ချက်ကာ ယင်း၏ရာခိုင်နှုန်း၅ဝထက် လျော့နည်းသော ဝင်ငွေရှိသူများအား ဆင်းရဲနွမ်းပါးသူများဟု သတ်မှတ်ပါသည်။ ယင်းကို (Relative Poverty) နှိုင်းရဆင်းရဲနွမ်းပါးမှုဟု ခေါ်ဆိုပါသည်။
၁၉။ ဤနေရာတွင် ပိုမိုပြည့်စုံရန်အတွက် ဆင်းရဲချမ်းသာမညီမျှမှု (Inequility)နှင့်ပတ်သက်၍လည်း အကျဉ်းမျှဖော်ပြရန် လိုအပ်မည် ဖြစ်ပါသည်။ ထိုသဘောတရားကို ဆင်းရဲနွမ်းပါးမှုနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် မကြာခဏရည်ညွှန်းလေ့ ရှိပါသည်။ သို့ရာတွင် ဆင်းရဲချမ်းသာ မညီမျှမှုဆိုသည်မှာ ဆင်းရဲမှုထက် ပိုမိုကျယ်ပြန့်သည့် သဘောတရားဖြစ်ပါသည်။ ဆင်းရဲမှုတစ်ခုတည်းအပေါ်တွင်သာ အလေးထားအာရုံစိုက်ခြင်းမျိုးသက်သက် မဟုတ်ဘဲ လူဦးရေတစ်ရပ်လုံးအပေါ်အခြေခံ၍ အဓိပ္ပာယ်ဖွင့်ဆိုခြင်း ဖြစ်ပါသည်။
၂ဝ။ ဆင်းရဲချမ်းသာ မညီမျှမှုအတွက် အလွယ်ဆုံးနှင့် အသုံးများဆုံးနည်းလမ်းမှာ လူဦးရေကို အဆင်းရဲဆုံးမှ အချမ်းသာဆုံး အထိ အဆင့်ဆင့်အုပ်စုခွဲကြည့်ခြင်း ဖြစ်ပါသည်။ ထိုသို့ခွဲခြားပြီး လူဦးရေ ငါးပုံ သို့မဟုတ် ဆယ်ပုံ အုပ်စုတို့၏ အသုံးစရိတ် သို့မဟုတ် ဝင်ငွေကို ရာခိုင်နှုန်းဖြင့် ဖော်ပြပါသည်။ အများအားဖြင့် လူဦးရေ၏ အဆင်းရဲဆုံး (ငါးပုံ တစ်ပုံ)သည် စုစုပေါင်း အသုံးစရိတ်၏ ခြောက်ရာခိုင်နှုန်းမှ ၁ဝရာခိုင်နှုန်းအထိ သုံးစွဲကြပြီး ထိပ်ဆုံး(ငါးပုံတစ်ပုံ)အုပ်စုသည် စုစုပေါင်းအသုံးစရိတ်၏ ၃၅ရာခိုင်နှုန်းမှ ၅ဝရာခိုင်နှုန်းအထိ သုံးစွဲကြသည်။
၂၁။ ဆင်းရဲချမ်းသာ မညီမျှမှုအတွက် အသုံးအများဆုံးတိုင်းတာမှုမှာ ဂျီနီညွှန်းကိန်း (Gini coefficient)ဖြစ်သည်။ လူဦးရေကို ဝင်ငွေအရ ငါးပုံအုပ်စု သို့မဟုတ် ဆယ်ပုံအုပ်စု ခွဲခြားမှုပြုပြီး စုစုပေါင်းဝင်ငွေတွင် ¤င်းတို့၏ဝင်ငွေရာခိုင်နှုန်းကို တွက်ချက်ရပါသည်။ ဥပမာအားဖြင့် နိုင်ငံအတွင်းပျံ့နှံ့နေသော ဆင်းရဲချမ်းသာ မညီမျှမှုကို ဂျီနီညွှန်းကိန်းဖြင့် တွက်ချက် သိရှိနိုင်မည်ဖြစ်ပါသည်။ ထိုညွှန်းကိန်းသည် သုညနှင့် တစ်ကြားတွင် ရှိသည်။ ညွှန်းကိန်းသုညသည် အိမ်ထောင်စုတိုင်းက တူညီသောဝင်ငွေရရှိနေခြင်းကို ညွှန်ပြနေပြီး ညွှန်းကိန်းတစ်သည် တိုင်းပြည်၏ဝင်ငွေအားလုံးကို အိမ်ထောင်စုတစ်ခုတည်း ကသာ ပိုင်ဆိုင်နေခြင်းကို ညွှန်ပြခြင်းဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် ဝင်ငွေမညီမျှမှုအများဆုံးအရပ်ဒေသများ၏ ဂျီနီညွှန်းကိန်းမှာ ဝ.၅ ဝန်းကျင်တွင်ရှိပြီး ချမ်းသာသောနိုင်ငံများရှိ ဂျီနီညွှန်းကိန်းမှာ ဝ.၃ဖြစ်ပါသည်။
၂၂။ ဆင်းရဲမှုနှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် တိုင်းတာမှုများကို အကျဉ်းချုံးဖော်ပြပြီးသည့်အခါ ဆင်းရဲမှုမျဉ်းနှင့် ပတ်သက်၍ အနည်းငယ်ဥပမာပေးဖော်ပြရန် လိုအပ်ပါသည်။
၂၃။ ၂ဝဝ၉ခုနှစ်က အမေရိကန်ပြည်ထောင်စုတွင် အသက်(၆၅)နှစ်အောက်လူတစ်ဦးအတွက် ဆင်းရဲမှုမျဉ်းကို သန်းခေါင် စာရင်းဌာနက တစ်နှစ်လျှင် ဒေါ်လာ ၁၁၁၆၁အဖြစ် သတ်မှတ်ဖော်ပြခဲ့ပါသည်။ ကလေးနှစ်ဦးပါ လူဦးရေလေးယောက်ရှိသည့် မိသားစုတစ်စု၏ ဆင်းရဲမှုမျဉ်းကို ဒေါ်လာ ၂၁၇၅၆အဖြစ် သတ်မှတ်ခဲ့ပါသည်။၆ ထိုကဲ့သို့တွက်ချက်သတ်မှတ်မှုမှ ထွက်ပေါ် လာသောရလဒ်မှာ အမေရိကန်နိုင်ငံတွင် ဆင်းရဲမှုနှုန်း ၁၄.၃ ရာခိုင်နှုန်းရှိနေသည့်အတွက် ထိုနှစ်တွင် လူဦးရေ ၄၃.၆သန်း မှာ ဆင်းရဲနွမ်းပါးသူများဖြစ်ကြသည်။ ယင်းသည် အမေရိကန်ပြည်ထောင်စုတွင် ဆင်းရဲမှုမျဉ်းကို စတင်တွက်ချက်ခဲ့သည့် (၅၁)နှစ်အတွင်း ဆင်းရဲနွမ်းပါးသူအရေအတွက် အများဆုံးဖြစ်သည်။၇
၂၄။ အမေရိကန်ပြည်ထောင်စုတွင် ဝင်ငွေမညီမျှမှုနှင့်ပတ်သက်၍ ဂျိုးဇက်စတစ်ဂလစ် (Joseph Stiglitz) က ထောက်ပြ ခဲ့ရာတွင် အမေရိကန် လူဦးရေ၏ တစ်ရာခိုင်နှုန်းသည် နိုင်ငံဝင်ငွေ၏ လေးပုံတစ်ပုံနီးပါးကို ရယူထားသည်ဟု ဆိုသည်။ လွန်ခဲ့သည့်(၂၅)နှစ်က သူတို့၏ဝေစုမှာ ၁၂ရာခိုင်နှုန်းသာရှိသည်ဟု ဆို၏။ ထို့အပြင် ထိပ်တန်း တစ်ရာခိုင်နှုန်း၏ဝင်ငွေမှာ ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း ၁၈ရာခိုင်နှုန်း မြင့်တက်လာသည်ကို တွေ့ရှိရသည်။ တစ်ချိန်တည်းမှာပင် လူလတ်တန်းစားများ၏ ဝင်ငွေကျဆင်းလာခဲ့ပြီး ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း ဖွံ့ဖြိုးတိုးတက်မှုအားလုံးမှာ ထိပ်တန်းအလွှာများဆီသို့သာ ရောက်ရှိ သွားသည်ကို တွေ့ရှိခဲ့ရသည်ဟု သိရသည်။၈
၂၅။ တရုတ်နိုင်ငံတွင်လည်း စီးပွားရေးတိုးတက်လာမှုနှင့်အတူ လူနေမှုအဆင့်အတန်းလည်း မြင့်မားလာခဲ့ရာ အခြားနိုင်ငံ များနည်းတူ ဆင်းရဲမှုမျဉ်းကို တိုးမြှင့်နေရပါသည်။ ထိုသို့လုပ်ဆောင်ရာတွင် နိုင်ငံ၏ပျမ်းမျှလူနေမှုအဆင့်အတန်း တိုးမြင့်လာ ခြင်းနှင့် နိုင်ငံတကာစံနှုန်းစံထားများနှင့်လည်း မညီညွတ်ဟု ဝေဖန်ခံရသည်။ ဥပမာအားဖြင့် ၂ဝဝ၆ခုနှစ်တွင် တရုတ်နိုင်ငံ၏ ဆင်းရဲမှုမျဉ်းကို တစ်နှစ်လျှင် လူတစ်ဦးချင်းအတွက် ယွမ် ၆၈ဝ (အမေရိကန်ဒေါ်လာ ၈၅)ဟု သတ်မှတ်ထားပါသည်။ ယင်းသတ်မှတ်ချက်အရ တရုတ်လူမျိုး ၂၃.၆၅သန်းမှာ ဆင်းရဲမှုမျဉ်းအောက်ရောက်ရှိနေကြောင်း တွေ့ရှိရပါသည်။ သို့သော် အပြည်အပြည်ဆိုင်ရာသတ်မှတ်ချက်ဖြစ်သည့် တစ်နေ့လျှင် တစ်ဒေါ်လာနှုန်းဖြင့် သတ်မှတ်ခဲ့ပါက ဆင်းရဲမှုမျဉ်းသည် တစ်နှစ် လျှင် ၃၆၅ဒေါ်လာသို့ တိုးမြှင့်သွားမည်ဖြစ်ပြီး တရုတ်ပြည်သူ သန်း ၁၂ဝမှ ၁၃ဝသည် ဆင်းရဲနွမ်းပါးသူများအဖြစ် သတ်မှတ် ခြင်းခံရမည်ဖြစ်ပါသည်။ ထို့ကြောင့် တရုတ်လူမျိုး ၂၃.၆၅သန်းသည် အလွန်အမင်းဆင်းရဲနွမ်းပါးသူများအဖြစ် အစားအစာ၊ အဝတ်အထည်နှင့် နေထိုင်စရာပြဿနာများ ကြုံတွေ့နေကြရသူများဖြစ်ပြီး ကျန်လူဦးရေသန်း ၁ဝဝ မှာ ဆင်းရဲသူများအဖြစ် သတ်မှတ်ခြင်းမခံရသည့်အတွက် သူတို့ရသင့်ရထိုက်သောအကူအညီများကို ရရှိနိုင်တော့မည်မဟုတ်ပါကြောင်း ဝေဖန်ပြောဆိုမှု များရှိခဲ့ပါသည်။၉
၂၆။ ဆင်းရဲမှုမျဉ်းနှင့်ပတ်သက်၍ မကြာသေးမီကလည်း တရုတ်နိုင်ငံတွင် အငြင်းပွားမှုများ ထွက်ပေါ်လာခဲ့သည်ကို တွေ့ရှိ ရပါသည်။ ၂ဝ၁၁ခုနှစ်၌ တရုတ်နိုင်ငံ၏ ဆင်းရဲမှုမျဉ်းကို တစ်နှစ်လျှင် ၁၁၆၉ယွမ်မှနေ၍ ယွမ် ၁၅ဝဝသို့ (အမေရိကန် ဒေါ်လာ ၁၇၅မှ ၂၃ဝ)သို့ တိုးမြှင့်သတ်မှတ်ခဲ့သည့်အတွက် ဆင်းရဲနွမ်းပါးသူအရေအတွက် ၂၆.၈၈သန်းမှ သန်း၁ဝဝအထိ သုံးဆမြင့်တက်လာခဲ့ပါသည်။ သို့ရာတွင် ပညာရှင်များနှင့် နိုင်ငံရေးသမားများက ဆင်းရဲမှုမျဉ်းတိုးမြှင့်ခြင်းမှာ နည်းလွန်းသည်ဟု ဝေဖန်ခဲ့ကြပြီး ယွမ် ၂၄ဝဝအထိ နှစ်ဆတိုးမြှင့်သင့်သည်ဟု ဆိုကြပါသည်။ ၁၉၈၅ခုနှစ်မှ ၂ဝ၁ဝခုနှစ်ကာလများအတွင်း တရုတ်နိုင်ငံ၏ စုစုပေါင်းပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) အဆ ၅ဝမျှ တိုးတက်လာခဲ့သော်လည်း ဆင်းရဲမှု မျဉ်းမှာမူ ငါးဆမျှသာတိုးတက်လာခဲ့သည်ဟု မှတ်ချက်ပြုခဲ့ကြသည်။
၂၇။ ဆင်းရဲမှုမျဉ်းပိုင်းခြားသတ်မှတ်ခြင်းသည် တရုတ်နိုင်ငံတွင် နိုင်ငံရေးအရ သတိကြီးစွာထား၍ဆောင်ရွက်ရသော အရေးကိစ္စမျိုးလည်း ဖြစ်ပါသည်။ ဗဟိုအစိုးရက ဆင်းရဲမှုမျဉ်းသတ်မှတ်မှုအား အနည်းငယ်သာမြှင့်တင်မှုပြုလိုလျက်ရှိပြီး ခပ်များများတိုးမြှင့်လိုက်မည်ဆိုပါက နိုင်ငံအတွင်း ဆင်းရဲသူဦးရေပမာဏများပြားစွာတိုးပွားလာခြင်းအတွက် မျက်နှာမလှဖြစ်ရ မည်ကို ရှောင်လွှဲလိုခြင်းကြောင့်ဖြစ်သည်။ တစ်ဖက်တွင် ဒေသဆိုင်ရာအာဏာပိုင်တို့ကမူ ဆင်းရဲမှုမျဉ်းကို ခပ်မြင့်မြင့် တိုးမြှင့် စေလိုသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့လုပ်ဆောင်ခြင်းဖြင့် သူတို့၏ဒေသတွင် ဆင်းရဲသားအဖြစ် သတ်မှတ်ခံရသူများ ပိုမိုများပြားလာပြီး အစိုးရထောက်ပံ့ငွေများနှင့် အခြားသောအကူအညီများ ပိုမိုဝင်ရောက်လာစေလိုခြင်းကြောင့်ဖြစ်သည်။ သာမန်လူများကလည်း ဆင်းရဲမှုမျဉ်းကို ခပ်မြန်မြန် ခပ်များများမြင့်တက်စေလိုပြီး သူတို့အား ဆင်းရဲသူများအဖြစ် သတ်မှတ်ခံရ လျှင် အစိုးရထံမှ ပံ့ပိုးကူညီမှုများ ရရှိလိုခြင်းကြောင့် ဖြစ်ပါသည်။ တရုတ်အစိုးရအနေဖြင့်လည်း ဆင်းရဲမှုတိုက်ဖျက်ရေးအစီ အစဉ်အတွက် ၁၉၈ဝမှ ၂ဝဝ၇ခုနှစ်အထိ ယွမ်၁၆ဝဘီလီယံ (အမေရိကန်ဒေါ်လာ၂၃.၉ဘီလီယံ)ကို ထောက်ပံ့ခဲ့ပါသည်။၁ဝ
၂၈။ ဗီယက်နမ်နိုင်ငံတွင်မူ (၂ဝ၁၁ခုနှစ်မှ ၂ဝ၁၅ခုနှစ်အထိ) ငါးနှစ်တာကာလအတွင်း ဆင်းရဲမှုမျဉ်းအသစ်ကို သတ်မှတ် ခဲ့ပြီး ယင်းမျဉ်းအသစ်အရ ကျေးလက်ဒေသနေ လူတစ်ဦးချင်းအတွက် တစ်လလျှင် ဗီယက်နမ်ဒေါင်ငွေ ၄ဝဝဝဝဝ (အမေ ရိကန်ဒေါ်လာ ၂ဝ.၅)နှင့် မြို့ပြဒေသရှိ လူတစ်ဦးချင်းအတွက် တစ်လလျှင် ဗီယက်နမ်ဒေါင်ငွေ ၅ဝဝဝဝဝ (အမေရိကန် ဒေါ်လာ ၂၅.ဝ၅) သတ်မှတ်ထားသည်။ အစိုးရ၏ထုတ်ပြန်ကြေညာချက်အရ ဆင်းရဲမှုမျဉ်းအောက်ရှိ အိမ်ထောင်စုများမှာ ၂ဝဝ၅ခုနှစ်တွင် ၂၂ရာခိုင်နှုန်းရှိနေရာမှ ၂ဝ၁ဝပြည့်နှစ်တွင် ၉.၄၅ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်း တွေ့ရှိရသည်။၁၁ ဆင်းရဲမှုစံနှုန်းသစ်အရ ဟနွိုင်းမြို့တော်တွင် ၂ဝ၁ဝပြည့်နှစ်၌ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုပေါင်း ၁၁၄၆၃၆ရှိမည်ဟု ခန့်မှန်းထားပြီး ထိုမြို့နေ လူဦးရေစုစုပေါင်း၏ ၉.၆ ရာခိုင်နှုန်းဖြစ်ပါသည်။ မြို့တော်အာဏာပိုင်တို့အနေဖြင့် ၂ဝ၁၁-၂ဝ၁၅ ခုနှစ်အတွင်း စည်ပင်သာ ယာအသုံးစရိတ်ဘတ်ဂျက်ငွေထဲမှ ဒေါင်ငွေ ၅ထရီလီယံ(အမေရိကန်ဒေါ်လာ ၂၅၆.၄၁သန်း)ကို မြို့နေဆင်းရဲနွမ်းပါးသူ ပြည်သူလူထုအတွက် ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ၂ဝ၁၅ခုနှစ်တွင် ဟနွိုင်းမြို့တော်၏ ဆင်းရဲ နွမ်းပါးမှုနှုန်း နှစ်ရာခိုင်နှုန်းအထိ ကျဆင်းမည်ဟု ခန့်မှန်းထားပါသည်။၁၂
၂၉။ နိုင်ငံအလိုက် ဆင်းရဲမှုမျဉ်းအပြင် လူသိများသောမျဉ်းတစ်ခုမှာ အပြည်ပြည်ဆိုင်ရာဆင်းရဲမှုမျဉ်းဖြစ်သည်။ ထိုမျဉ်းအရ ယခင်က လူတစ်ဦးချင်းဝင်ငွေ တစ်နေ့ အမေရိကန်တစ်ဒေါ်လာသတ်မှတ်ခဲ့ရာမှ ၂ဝဝ၈ခုနှစ်တွင် ၁.၂၅ဒေါ်လာ ပြင်ဆင် သတ်မှတ်ခဲ့ပါသည်။ ထိုသတ်မှတ်ချက်အရ ၂ဝဝ၅ခုနှစ်တွင် ကမ္ဘာပေါ်၌ ဆင်းရဲနွမ်းပါးသူ ၁.၃၈ဘီလီယံရှိခဲ့ကြောင်း ခန့်မှန်း ခဲ့ကြပါသည်။ (၂ဝဝ၅ခုနှစ် အမေရိကန်ဒေါ်လာ ဝယ်ယူနိုင်စွမ်းအား ကွာခြားမှုနှုန်း (Purchasing Power Parity) နှင့် တွက်ချက်ထားပါသည်။)
(ဂ) ဆင်းရဲမှုကို တိုင်းတာရသည့်အကြောင်းရင်း
၃ဝ။ ဆင်းရဲမှုတိုင်းတာရာတွင် ယုံကြည်အားထားမှုရှိရန် အချိန်၊ လုပ်အားနှင့် ငွေကြေးကျခံကာ ဆောင်ရွက်ကြရပါမည်။ ထိုသို့ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်အတွင်း သဘောတရားပိုင်းဆိုင်ရာနှင့် စာရင်းအင်းဆိုင်ရာ အခက်အခဲများကို ရင်ဆိုင် ရပါမည်။ မည်သို့ဆိုစေ ဆင်းရဲမှုကိုတိုင်းတာရသည့် အကြောင်းရင်းလေးချက်ရှိပါသည်။
၃၁။ ပထမအချက်မှာ ဆင်းရဲမှုကိုတိုင်းတာခြင်းဖြင့် မူဝါဒချမှတ်သူများက ဆင်းရဲသူများ၏အခြေအနေနှင့်လိုအပ်ချက်များကို ပိုမိုသိရှိလာပြီး သူတို့၏အကျိုးကို အလေးထားဆောင်ရွက်လာမည် ဖြစ်ပါသည်။ ဥပမာ-နိုင်ငံလူဦးရေ၏ ၂၁ရာခိုင်နှုန်းဖြစ်သော လူဦးရေ ၁၈သန်းသည် အလွန်အမင်းဆင်းရဲနွမ်းပါးနေပြီး ဝမ်းစာရေးအတွက် ခက်ခက်ခဲခဲရုန်းကန်နေရသည်ဟူသော သတင်း အချက်အလက်မျိုးက ¤င်းတို့အတွက် တစ်စုံတစ်ရာလုပ်ဆောင်ပေးရန် အရေးတကြီးလိုအပ်နေပြီဖြစ်ကြောင်း မူဝါဒချမှတ်သူ များကို မီးမောင်းထိုးပြလိုက်ခြင်းပင်ဖြစ်သည်။
၃၂။ ဒုတိယအချက်မှာ ဆင်းရဲမှုကိုတိုင်းတာခြင်းအားဖြင့် အကူအညီပေးရန်လိုအပ်နေသည့် ဆင်းရဲနွမ်းပါးသူများကို ရှာဖွေ ဖော်ထုတ်နိုင်မည်ဖြစ်ပါသည်။ ဤအရေးကိစ္စတွင် ဆင်းရဲမှုဆိုင်ရာရုပ်ပုံလွှာသည် အသုံးဝင်ပါသည်။ ဆင်းရဲမှုဖြစ်ပေါ်နေပုံ အနေအထား၊ ကျေးလက်နှင့်မြို့ပြတည်းဟူသော ပထဝီအနေအထားအလိုက် ပြောင်းလဲပုံ၊ ရပ်ရွာတွင် ကျောင်း၊ ဆေးရုံ ရှိ၊ မရှိ၊ အိမ်ထောင်စုများ၏အခြေအနေ (ဥပမာ-အိမ်ထောင်စုဝင်ဦးရေ၊ အိမ်ထောင်ဦးစီး၏ ပညာရေးအဆင့်အတန်း) စသည် တို့ကို သိရှိနိုင်မည်ဖြစ်ပါသည်။ ထိုသို့သောအချက်အလက်များကို သိရှိခြင်းအားဖြင့် အကူအညီပေးရာတွင် ပိုမိုထိရောက်သော ဦးတည်ဆောင်ရွက်မှုများဖြင့် အလိုအပ်ဆုံးသောသူများထံ အကူအညီရောက်ရှိရေးကို စီမံဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
၃၃။ တတိယအချက်မှာ ဆင်းရဲမှုလျှော့ချရေးစီမံချက်များနှင့်မူဝါဒရေးရာအရ တိုက်ရိုက်ဆောင်ရွက်မှုရလဒ်များကို ဆင်းရဲမှု တိုင်းတာခြင်းအားဖြင့် စောင့်ကြည့်စစ်ဆေးခြင်း၊ ပြန်လည်သုံးသပ်ခြင်းတို့ပြုလုပ်နိုင်ပါမည်။ ထိုအချက်မှာ အရေးပါပြီး စီမံချက် များနှင့် မူဝါဒပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကြောင့် ဆင်းရဲမှုနှင့်ပတ်သက်၍ မည်ကဲ့သို့၊ မည်သည့်နည်းဖြင့်၊ မည်မျှ လျှော့ချကာ လူနေမှုဘဝကို အမှန်တကယ်တိုးတက်စေကြောင်း သိရှိနိုင်မည်ဖြစ်ပါသည်။
၃၄။ နောက်ဆုံးအနေဖြင့် ဆင်းရဲမှုတိုင်းတာရာတွင် ဆင်းရဲမှုလျော့ကျစေရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များ မည်မျှအထိ ထိရောက်စွာဆောင်ရွက်နိုင်သည်ဆိုသည်ကို ပြန်လည်သုံးသပ်သွားရန် လိုအပ်မည်ဖြစ်ပါ သည်။ ဥပမာအားဖြင့် သမဝါယမဝန်ကြီးဌာနက လယ်သမားအစည်းအရုံးများ ဖွဲ့စည်းပေး၍ ကျေးလက်ချေးငွေများ ထောက်ပံ့ပေးခြင်းမျိုး သို့မဟုတ် စားသုံးသူအသင်းများ ထူထောင်ပေးခြင်းအားဖြင့် လိုအပ်သည့် လူသုံးကုန်ပစ္စည်းများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစေနိုင်ခြင်းများကို ချမှတ်ဆောင်ရွက်လာနိုင်သည် ဆိုပါစို့။ ထိုလုပ်ငန်းစဉ်များ၏ အောင်မြင်မှု ကို လယ်သမားအဖွဲ့အစည်းများက ချေးငွေထုတ်ပေးခြင်း၊ စားသုံးသူသမဝါယမအသင်းများက ဈေးချိုသာသော အစားအစာ နှင့် အခြားအခြေခံကုန်ပစ္စည်းများ ဝယ်ယူပေးခြင်းဖြင့် လယ်သမားမိသားစု ရာခိုင်နှုန်းမည်မျှ လက်ရှိဆင်းရဲမျဉ်းအပေါ် ရောက်သွားသည်ကို ယုံကြည်စိတ်ချရသော အထောက်အထားများနှင့် ဖော်ပြနိုင်ပါက အကျိုးသက်ရောက်မှုများ ရရှိမည် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအထောက်အထားများသည် သမဝါယမလှုပ်ရှားမှုအပေါ် ယုံကြည်စိတ်ချအားထားမှု ကို ဖြစ်ပေါ်စေပြီး နိုင်ငံ၏ဆင်းရဲမှုကိစ္စကို ဖြေရှင်းရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ကြောင်း သာဓက များပြနိုင်မည် ဖြစ်ပါသည်။
No comments :
Post a Comment
Note: Only a member of this blog may post a comment.