၈၈ မိုးကောင်း
သြော်သြဂုတ်လတောင်ရောက်နေပြီပဲလို့စဉ်းစားရင်း ကျနော်ရဲ့အတွေးတချို့က ၈၈
ကာလအချိန် ဆိုတာလေးကို ပြန်ရောက်သွားပါတော့တယ်။ အိမ်အောက်မြစိမ်း
မိုးကောင်းကိန်း
ကျနော်နေထိုင်ခဲ့တဲ့မြို့ကလေးအကြောင်းကို နဲနဲတော့မိတ်ဆက်ပေးချင်ပါတယ်။ စတုတ္ထ
မိုးကောင်းမြို့ကို ကောဇာသက္ကရာဇ် ၁၁၅၃ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက်၊ အင်္ဂါနေ့နံနက်
အာရုဏ်တက်ချိန်မှာ မြို့ဟောင်း စော်ဘွားကြီး၏သား “စပ်မောင်ဆိုင်” က နန့်ရင်းချောင်းနှင့်
နန့်ကောင်းချောင်းဆုံရာနေရာတွင် မိုးကောင်းမြို့ ကိုစတင်တည်ထောင်ခဲ့ပါတယ်။
နန့်ကောင်းချောင်းနှင့် နန့်ရင်းချောင်းတို့ပေါင်းဆုံပြီး အနောက်မှအရှေ့သို့
ကွေ့ဝိုက်စီးဆင်းနေသော မိုးကောင်းချောင်းကို အမှီပြုတည်ထားတဲ့ မြို့လေးတစ်မြို့ဖြစ်သလို
အရှေ့ဘက်နှင့် မြောက်ဘက်တို့တွင် ကချင်ပြည်နယ်၏ သဘာဝအလှဖြစ်သည့်
စိမ်းလန်းစိုပြည်သော တောင်ရိုး တောင်တန်း များ၏အလှကို ရှုမငြီးဖွယ် မြင်တွေ့နိုင်ပါတယ် ။
“အိမ်အောက်မြစိမ်း မိုးကောင်းကိန်း” ဟု စပ်ဆိုထားခဲ့ပါတယ်။

အနောက်မှာ အရှေ့သို့ စီးဆင်းနေတဲ့ မိုးကောင်းချောင်း ကျောက်စိမ်းထွက်ရာ ဖားကန့်၊
တောမှော်၊ လုံးခင်း စတဲ့ ရတနာမြေကို သွားရာလမ်း စခန်းထောက်အဖြစ်
နားခိုရာမြို့လေးတမြို့ဖြစ်သလို ရတနာမြေမှ ကျောက်စိမ်းများကို ရောင်းဝယ် ဖောက်ကားတဲ့
မြို့ကလေး လည်းဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်အနှံ့မှ လာရောက်
နေထိုင်၏စီးပွားရှာကြတဲ့ စီးပွားရေးမြို့ ကလေးလည်းဖြစ်ပါတယ်။ ဒီမြို့ကလူတွေက
စီးပွားရေးအတော်အသင့်ချောင်းလည်ကြသူများဖြစ်ပါတယ်။
(အခုမဟုတ်ဘူးနော်ဟိုတုန်းကပြောတာ) ပိုက်ဆံမရှိလျင် ဖားကန့်(သို့) တောမှော်
တက်သွားလိုက်ကြ တူးလို့ရလာတဲ့ ကျောက်စိမ်းတွေကို ရောင်းချလို့ရတဲ့ငွေလေးနဲ့
တနှစ်လောက်ထိုင်စားလိုက် ကုန်ရင် ဖားကန့်ပြန်သွားလိုက်နဲ့ အပူအပင်သိပ်မရှိကြဘူး
သဘာဝတရားကပေးထားတဲ့ ရတနာမြေကို မှီခို စားသောက် နေကြတဲ့သူတွေပေါ့ ။ အဲဒီထဲမှာ
ကျနော်လည်းပါတာပေါ့ သုံးစရာပိုက်ဆံမရှိလျင် အမေ့ဆီကတောင်း အကိုတွေဆီကတောင်း
ဘယ်သူမှမရှိလျင် အမေသေတ္တာထဲ နှိုက်သွားလိုက်တာပဲ ဘာပြဿနာမှမရှိဘူး။ ဒါကြောင့်
ကျနော့်ဘဝ ကျနော့်အနာဂါတ်အတွက် ဘာမှလေးလေးနက်နက် မစဉ်းစားခဲ့မိဘူး
ကျောင်းသွားလိုက် သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်လိုက် ပေါ့ပေါ့နေပေါ့ပေါ့စား
ဘာမှအလေးအနက် မစဉ်းစားတဲ့လူငယ် တယောက်ပေါ့။ ကျောင်းခန်းထဲမှာ ပညာကို
လိုလိုလားလား သင်ယူတာတခါမှ မရှိခဲ့ဘူးပါဘူး ။ တခါတော့ အင်္ဂလိပ်စာ ဆရာက
အရှေ့မှာစာသင်နေတုန်း ကျနော်ကနောက်မှာ တံမျက်စည်းကို ဂီတာလုပ်တီးနေလို့ ဆရာက
ဒေါသတကြီးနဲ့ `မင်းစာမသင်ချင်ထွက်သွား ဆန်ကုန်မြေလေး”
လို့တောင်အပြောခံရဘူးပါတယ်။ အဲဒီအချိန်တုန်းက ကျနော်ဟာ
တကယ်ဆန်ကုန်မြေလေးဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက ကျနော့်ရဲ့စဉ်းစားချက်
ဟာဆယ်တန်းအောင်ရင် တက္ကသိုလ် တက်ပြီး ပိုက်ဆံဖြုန်းမယ်၊ အလေလိုက်မယ် ပဲ
စဉ်းစားနိုင်ခဲ့တယ်။ တောသားမြို့ရောက် ကျနော် ဆယ်တန်းစာမေးပွဲပြီးတော့ ဖားကန့်ဖက်
(တောမှော်)မှာကျောက်တူးဖို့သူငယ်ချင်း သိန်းထိုက်နဲ့ သွားခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့
ငွေရရင် ရန်ကုန်ကို သူငယ်ချင်းတွေနဲ့ စုပြီးသွားလည်ဖို့ပါ ငွေဆိုတာ ကတော့ ကျနော်တို့
ဒေသမှာ တော့သိပ်မရှားဘူးလို့ပြောရပါမယ်။ ကျောင်းသားဘဝမှာတောင် ငွေရှာရတာ
သိပ်ခက်ခက်ခဲခဲမရှိခဲ့ပါဘူး။ ဒါနဲ့ရန်ကုန်ကို ကျနော်တို့သူငယ်ချင်း (၂)ယောက်နဲ့အတူ
ကျနော့်အကို အပါအ၀င် စုစုပေါင်း (၄) ယောက် အလည်တခေါက်
ရွှေမြို့တော်ကိုရောက်သွားခဲ့တယ်။ ရန်ကုန်ကို ကျနော်တို့ရောက်တဲ့ အချိန်က ၁၉၈၈ခုနှစ်
မေလကုန်ပိုင်းလောက်မှာပါ။ ရန်ကုန်မှာ ပါလာတဲ့ပိုက်ဆံကို လိုက်ဖြုန်းရင်း တောသား
လေးယောက် လျှောက်လည်ကြတာပေါ့ မရောက်တဲ့နေရာ မရှိရလေအောင် အစုံပဲ ။
အင်းစိန်ဖက်က အမျိုးတွေဆီသွားရင်း ရန်ကုန်စက်မှုတက္ကသိုလ် ကိုဖြတ်ပြီးသွားရပါတယ် RIT
ကျောင်းရှေ့ ရောက်တော့ ကျနော့်ဦးလေး ကမိတ်ဆက်ပေးပါတယ် “ ဒါ RIT ကျောင်းပဲကွ
ပြဿနာတွေဖြစ်လို့ ကျောင်းတွေ ပိတ်ထားလိုက်ပြီ ” လို့ ပြောလိုက်တဲ့အချိန်မှာပဲ ကျနော်တို့
အုပ်စုထဲကသိန်းထိုက် က“ ရဲဘော်ဖုန်းမော် မင်းကိုငါတို့အလေးပြုပါတယ်” လို့
မဆီမဆိုင်ထအော်တယ်။ မတ်လတုန်းက စက်မှုတက္ကသိုလ်မှာ ကျောင်းသား နဲ့
အစိုးရပြဿနာဖြစ်တယ် ဆိုတာတော့ ရေးရေးကြားဖူးတယ် ဘာဖြစ်တယ်ဆိုတာ
သေသေခြာခြာ ကျနော်မသိပါဘူး။ ဒါနဲ့ကျနော်ကလှမ်းမေးလိုက်တယ်
“ရဲဘော်ဖုန်းမော်ဆိုတာဘယ်သူလဲ” လို့။ ကျနော့် သူငယ်ချင်းသိန်းထိုက်က RIT
ကျောင်းသားကိုဖုန်းမော်အကြောင်းကို မိတ်ဆက်ပေးတယ်။ ကျနော့် သူငယ်ချင်း
သိန်းထိုက်ဆိုတာ စာဖတ်ဝါသနာပါသူပါ စာအုပ်ဆို ဘာစာအုပ်ဖြစ်ဖြစ်
တွေ့ရင်ဖတ်လေ့ရှိတယ်။ ကျနော်တို့ အဖွဲ့ထဲမှာ သူဖတ်ထားတဲ့စာအုပ်တွေအကြောင်းကို
အာဘောင်အာရင်း သန်သန်ပြောတတ်သူပေါ့ ။ သိန်းထိုက်က ကိုဖုန်းမော်
အကြောင်းကိုပြောပြတော့ ကျနော့် ဦးလေးကလည်း “ ဟုတ်တယ် အခုသတင်းတွေ
ထွက်နေတယ်ကျောင်းပြန်ဖွင့်တာနဲ့ ကျောင်းသားတွေကလဲ ဆန္ဒပြမယ်တဲ့
ရန်ကုန်မှာကျောင်းလာတက်ကြတဲ့ တချို့ကျောင်းသားတွေဆို ချို့ချို့တဲ့တဲ့နဲ့
ကျောင်းလာတက်ရတာ အခုလိုဖြစ်တော့ သူတို့ဖက်ကလည်း ခံပြင်းမှာပေါ့ .. “ မင်းတို့လည်း
လည်လို့ဝရင်ပြန်ကြတော့ကွာ ရန်ကုန်မှာ အခြေအနေသိပ်မကောင်းဘူး ” လို့ပြောတယ်။
အဲဒီစကားကို ကျနော်ကြားလိုက်တော့ စိတ်ထဲမှာ တမျိုးကြီးခံစားလိုက်ရတယ်။ ဘာကို
ခံစားရမှန်း ကျနော်တိတိကျကျမသိခဲ့ဘူး။ ဒါနဲ့ပဲ ရန်ကုန်မှာ နှစ်ရက်လောက်
နေပြီးကချင်ပြည်နယ် မိုးကောင်းကို ပြန်ခဲ့ကြပါတယ်။ ကျနော်တို့ မိုးကောင်းကို
ပြန်ရောက်ပြီးသိပ်မကြာမှီ ဇွန်လမှာ ကျောင်းတွေပြန်ဖွင့်ပြီ ဆယ်တန်းအောင် စာရင်းလည်း
ထွက်ပြီ ကျနော်စာမေးပွဲဖြေတုန်းက အင်္ဂလိပ် တဘာသာကို အောင်မှတ်ရအောင်
မဖြေနိုင်ခဲ့ဘူး ဒါကြောင့် အောင်စာရင်းထွက်တော့ သူများတွေလို ရင်ခုန်စရာလည်းမလို
ထင်ထားသည့်အတိုင်းကျသည် သူငယ်ချင်းတွေတော့ အောင်ကြတယ်။
ရန်ကုန်ကပြန်လာပြီးနောက်ပိုင်း လေးလေးနက်နက် စဉ်းစားတတ် လာတယ်
ကျောင်းကြာလူကြာဘ၀နဲ့ နေလာခဲ့တာ အသက်လည်း (၂၀)ရှိပြီ ပေါ့ပေါ့နေပေါ့ပေါ့စားဘ၀နဲ့
မဖြတ် သန်းချင်တော့ပါ။ ဒါကြောင့် လာမဲ့နှစ်တော့ အမှတ်ကောင်းကောင်းရအောင်ဖြေပြီး
ရန်ကုန်မှာ ကျောင်းသွား တက်နိုင်အောင်လုပ်မယ်ဆိုပြီး အားနည်းတဲ့ အင်္ဂလိပ်ဘာသာကို
ကျူရှင်ယူပြီး စာကိုပဲ နှစ်စထဲက ဖိလုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။

မိုးကောင်း မီးသတ် လမ်းဆုံ ဝိုင်းကျူရှင် ကျနော်တို့မြို့ကို နယ်လှည့်ပြီး
ကျူရှင်လိုက်ဖွင့်စားနေတဲ့ ဆရာကောင်းသန့်ဆိုသူ ရောက်လာပါတယ်။
သူငယ်ချင်းတချို့ကဆွယ်တော့ ကျနော်လည်း သွားတက်လိုက်တယ်ပေါ့။
နောက်တပါတ်လောက်မှာ ကျူရှင် ဆရာကောင်းသန့်က သူနဲ့တွဲသင်မဲ့ဆရာမျိုးလွင်ဆိုသူ
ခပ်ငယ်ငယ်ဆရာတယောက်နဲ့ မိတ်ဆက်ပေးပါတယ်။ တလ လောက်အကြာမှာ
ဆရာကောင်းသန့်က ကျနော်တို့ဆီကကျူရှင်လခတွေ ယူပြီးထွက်ပြေးသွားပါလေ ရော ။
အဲဒီကျူရှင်မှာ ကျနော်တို့ ကျောင်းသား/သူ (၁၅)ယောက်ရယ် ဆရာမျိုးလွင်ရယ်ပဲ ကျန်ခဲ့တယ်။
ကျူရှင် အတွက် ငှါးထားတဲ့အခန်းခကလည်း မပေးရသေး ကျန်ခဲ့တဲ့ ဆရာမျိုးလွင်
စားရေးသောက်ရေးကအစ ကျနော်တို့ ကျောင်းသား/သူအတွက်
ပူပင်စရာဖြစ်လာပါတော့တယ်။ ဒါကြောင့် ဒီကျူရှင်လေးကို ရပ်တန့် မသွားရအောင်
အားလုံးဝိုင်းဝန်းလုပ်ဆောင်ကြရတဲ့ ဝိုင်းကျူရှင်လေး ဖြစ်သွားပါတော့တယ်။ ကျနော်တို့နဲ့
ဆရာမျိုးလွင်ဆက်ဆံရေးက ဆရာတပည့်ဆိုတာထက် လုပ်ဖော်ကိုင်ဖက်ဆက်ဆံရေး
ရဲဘော်ရဲဘက် ဆက်ဆံရေးမျိုး ဖြစ်လာပါတယ် ။ စာသင်ရင်းနဲ့ အကြောင်းတိုက်ဆိုင်လာရင်
သူတို့ဧရာတီတိုင်း ဒေးဒရဲမြို့က နိုင်ငံရေးသမားတွေ သောက်တဲ့လ္ဘက်ရည်ဆိုင်အကြောင်းတွေ
ထောင်ထဲရောက်သွားတဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် အကြောင်းတွေပြောလာပါတယ်။
ကျနော်လည်း ဆရာမျိုးလွင်နဲ့ သူငယ်ချင်းလို ဖြစ်သွားပြီး အားတဲ့ အချိန်တိုင်းမှာ
သူ့အခန်းကိုသွားပြီး ရောက်တတ်ရာရာ စကားတွေပြောနေတတ်ပါတယ် ။

တရားဟောနေတဲ့ ကျူရှင်ဆရာမျိုးလွင် ကျနော်နဲ့ ဘီဘီစီ ကျနော်တို့အိမ်မှာ National
အမျိုးအစား ရေဒီယို ကက်ဆက်တလုံးရှိပါတယ်။ ရေဒီယိုနားထောင်တဲ့ အလေ့ အထ
ကျနော့်တွင်မရှိပါ။ သို့သော်လည်း ရေဒီယိုမှလာနေသောအသံများကတော့ ကျနော့်နားထဲေ
ရာက် ရောက်လာတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့်အဖေမှာ ရေဒီိယိုလိုင်းပေါင်းစုံကို
အမြဲဖွင့်နားထောင် တတ်သောကြောင့် ဖြစ်ပါတယ်။ ကျနော့်အဖေ
အများဆုံးနားထောင်သောလိုင်းမှာ ဘီဘီစီနဲ့ ဗမာပြည်ကွန် မြူနစ် ပါတီလိုင်း ဖြစ်ပါတယ်။
နောက်အဖေဆုံးသွားပေမဲ့လည်း ရေဒီယိုကိုဖွင့်ထားတဲ့ အကျင့်တခုတော့ ရလာပါတယ်
အစတုန်းကတော့ ရေဒီယိုမှ လာနေသောသတင်းများကို အလေးအနက် မထားခဲ့ပါဘူး ။
နောက်ပိုင်း မြို့ကြီးတွေမှာ ကျောင်းသားများ ကွက်ကြားကွက်ကြား ဆန္ဒပြတဲ့သတင်းတွေကို
စိတ်ဝင်တစား အာရုံစိုက်လာခဲ့ပါတယ်။ ဘီဘီစီ သတင်းထောက် ခရစ်စတိုဘာဂန်းနက်ရဲ့
သတင်းပေးပို့ချက်တွေကို မလွတ်တန်း နားထောင်လာပါတယ်။ ၈ရက် ၈လ ၈၈
မှာတနိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ ကျောင်းသား ဆန္ဒပြမှုတွေပြုလုပ်မယ်လို့
ရန်ကုန်ကျောင်းသားခေါင်းဆောင်တယောက်က ဘီဘီစီကနေ အမေးအဖြေ လုပ်သွားတဲ့
သတင်းတွေကိုကြားတော့ ကျနော့်စိတ်ထဲ မရိုးမရွဖြစ်ပြီး ဘာလုပ်ရမှန်းလဲမသိဖြစ်နေခဲ့ပါတယ်။
ဒါပေမဲ့ လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေနဲ့တွေ့ရင်တော့ နားထောင်ခဲ့သမျှသတင်းတွေကို
ဖောက်သည် ပြန်ချရတာကို အရသာတွေ့လာပါတယ်။ ကျနော့် သူငယ်ချင်းတွေကလည်း
ရန်ကုန်မှာ ဖြစ်နေသော ကျောင်းသားအရေးအခင်းအကြောင်းတွေကို တိုးတိုးတိတ်တိတ်ြေ
ပာလာကြပါတယ်။ ဒါကိုအခွင့်ကောင်း ယူကာ ကျနော်ကသူငယ်ချင်းတွေကို မေးလိုက်ပါတယ်
“ငါတို့မြို့မှာ ကျောင်းသားသပိတ်တွေဖြစ်လာရင် မင်းတို့ ပါမလားလို့” မေးလိုက်တော့
သူငယ်ချင်းတယောက်က “မဖြစ်နိုင်ပါဘူးကွာ ဘယ်သူ ဦးဆောင်မှာလဲ
ဦးဆောင်တဲ့သူမှမရှိတာ
ငါတို့မြို့ကစီးပွားရေးကိုပဲ စိတ်ဝင်စားကြတာ” တဲ့ ကျနော်က အတည်ပေါက်နဲ့
“ရန်ကုန်ကကျောင်းသားတွေ လာဦးဆောင်မှာပေါ့ ” ကျနော်အထင်ကို အတည်ပေါက်နဲ့
ပြောချလိုက်တော့ သူငယ်ချင်းတယောက်က “ဟ အဲဒါဆိုပါရမှာပေါ့
ငါတို့လည်းကျောင်းသားတွေပဲ ” အဲဒါဆို ရန်ကုန်ကျောင်း သားတွေကိုစောင့်ကြတာပေါ့ ”
လို့ပြီပြောပြီးလက်ဖက်ရည်ဆိုင်ကနေ ကျနော်တို့ လမ်းခွဲလိုက်ကြပါတယ်။

သပိတ်မှာ လူထူတွေပါလာပြီ

သပိတ်တိုင်း ဟာကျောင်းသားကစခဲ့တာလို့ ပြောနေတဲ့ မြစ်ကြီးနား ကျောင်းသား ကျော်စိုး
ဒီနေ့ကျမှတိုက်တိုက်ဆိုင်ဆိုင် ရှစ်လပိုင်းထဲကို ၀င်လာပြီ ကျတော်တို့ကိုဦးဆောင်မဲ့
ရန်ကုန်ကျောင်းသားဆိုတာတွေက မျှော်သာမျှော်ပေါ် မလာဖြစ်နေပါတယ်။ ဘယ်သူတွေ
လာဦးဆောင်မယ်ဆိုတာကို စဉ်းစားလို့မရ ဘယ်လိုလုပ်မယ်ဆိုတာလဲမသိ ဖြစ်နေချိန်မှာ
ကျနော့်သူငယ်ချင်းသိန်းထိုက် အိမ်ကိုပေါက်ချလာပါတယ်။ သူနဲ့ကျနော်နဲ့ ကျောင်းကမတူဘူး
သူက(၈)တန်းအောင်တော့ အထက(၁) ကိုပြောင်းသွားတယ် ကျနော်ကတော့ အထက(၂) မှာ
ကျောင်းဆွေး လူဆွေးပေါ့။ အထက(၁) လပါတ်စာမေးပွဲက ရှစ်ရက်နေ့မှာ ဖြေရမယ်
သူစာမကျက်ရသေးဘူး ဘယ်လိုလုပ် ရမလဲလို့ လာငြီးပါတယ်။ ဒါနဲ့ ကျနော်က
ဒါတိုက်ဆိုင်တာပဲ (၈)ရက်နေမှာ တနိုင်ငံလုံးဆန္ဒပြမယ် မင်းလည်း ဆန္ဒပြလိုက်
ဒါဆိုစာမေးပွဲလဲပျက်ပြီ မင်းလဲသပိတ်ခေါင်းဆောင်ဖြစ်ပြီလို့ သာသာထိုးထိုး ကျနော်ပြော
လိုက်ပါတယ်။ သူကစိုးရိမ်စိတ်နဲ့ ငါကလပါတ်မဖြေချင်တာ အဲဒီလိုလုပ်လို့တော့
မဖြစ်ဘူးလို့ပြောပါတယ်။ ကျနော်က အတင်းတိုက်တွန်းတော့ သူလုပ်မယ်လို့
သဘောတူလိုက်ပြီး ကျနော်တို့ ကျောင်းမှာကပ်ဖို့ တိုက်တွန်းစာတွေ ရေးကြပါတယ်။
(၈)ရက်နေ့ကျရင် အထက(၁)ကို သိန်းထိုက်ဦးဆောင်ပြီးထွက်လာ သူတို့ကျောင်းက
သပိတ်မှောက်ကျောင်းသားတွေရောက်လာရင် ကျနော်က အထက(၂)က ဦးဆောင်ထွက်
မယ်ဆိုပြီး ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်၊ ဂျာမဏီ၊ အီတလီ ဝင်ရိုးတန်းနိုင်ငံတွေကမ္ဘာကြီးကို
ခွဲဝေသိမ်းပိုက် မည့်အလား အစီအစဉ်တွေကို ချလိုက်ကြပါတယ်။ သြဂုတ်လ(၇)ရက်နေ့ညမှာ
သူရေးထားတဲ့စာကို ကျနော်တို့ကျောင်း အထက (၂)မှာကပ် ကျနော်ရေးသော စာလိုလို
ကဗျာလိုလို စာရွက်ကို သူတို့ အထက(၁)မှာ ကပ်လိုက်ကြပါတယ်။ အဓိပ္ပါယ်ကတော့
လက်ရေးမမှတ်မိအောင်လို့ပါ (၈)ရက်နေ့ ကျောင်းမသွားခင်မှာ ကျနော်တို့မြို့ စော်ဘွားတိုက်
စားသောက်သောက်ဆိုင်ကိုလာဖို့ သိန်းထိုက်က ချိန်းလိုက်ပါတယ်။ ကျောင်းမသွားခင်
စားသောက်ဆိုင်ကို ၀င်လိုက်တော့ သိန်းထိုက်နဲ့ သူငယ်ချင်းဇော်ရာ တို့ရောက်နှင့်နေပြီး
ဝက်ခေါင်းသုပ်နဲ့ မီးတောက်(ကချင်အရက်)သောက်နေကြသည်ကို တွေ့ပါတယ်။ အစီစဉ်မစခင်
ရဲဆေးတင်တာတဲ့ ။ မနက်ပိုင်းမှစ၍ ကျနော်တို့မြို့ပြင်မှာ တပ်စွဲထားတဲ့ ခလရ(၇၄)ဖက်က
သေနတ်သံ လက်နက်ကြီးသံများ တိုက်တိုက်ဆိုင်ဆိုင် ကြားနေရပါတယ်။ သိန်းထိုက်ကို
ကျနော် သိပ်စိတ်မချလို့ သူ့ကျောင်းဖက်မှ ပါတ်ကြည့်ရန် လိုက်သွားပါတယ်။
သိန်းထိုက်တယောက် လမ်းမှာ ကျောင်းသို့သွားနေသော ကျောင်းသူ ကျောင်းသားများ၊ ဆရာ
ဆရာမများကို ကျောင်းကိုမသွားကြဖို့ တိုက်ပုံ တကားကားနဲ့
သောက်ထားတဲ့အရက်အရှိန်ကြောင့် အော်နေသည်ကိုတွေ့လိုက်ရတယ်။ ကျနော်တော်တော်
စိတ်ဓါတ်ကျသွားတယ် ကျနော်တို့ ကျောင်းရောက်တော့ ကပ်ထားတဲ့စာကို ၈ နာရီလောက်မှာ
အမှတ်(၈) ထောက်လှမ်းရေးက လာခွာသွားပြီတဲ့ ကျောင်းသူ တချို့ပြောနေသံကိုကြားရတယ်။
ကျနော်နဲ့ သူငယ်ချင်း တချို့လည်း အထက(၁)က သိန်းထိုက်ဦးဆောင်ချီတက်လာမဲ့
ကျောင်းသားတန်းကြီးကို စောင့်မျှော်နေကြပါ တယ်။ တနာရီလည်းပေါ်မလာ
နှစ်နာရီလည်းပေါ်မလာ ဒီလိုနဲ့ နေ့လည် ကျောင်းဆင်းချိန်ရောက်တော့ ကျနော်
သူတို့ကျောင်းဖက်ကို ထွက်ခဲ့ပါတယ်။ BOC ရှေ့ရောက်တော့ စစ်သားတွေ စောင့်နေတာ
ကိုတွေ့လိုက်ရပါ တယ်။ ဒါနဲ့ကျောင်းဖက်ကို လှမ်းကြည့်လိုက်တော့ ကျောင်းသား
၊ကျောင်းသူတွေကို နေ့လည် ကျောင်းဆင်းချိန်မှာ မပြန်ခိုင်းပဲ
တားထားသည်ကိုတွေ့လိုက်ရပါတယ် ။ ကားလမ်းနဲ့ ရထားလမ်းအဖြတ်မှာ
ရထားတစီးရပ်ထားသည်ကိုလည်း တွေ့ရပါတယ်။ ပါတ်ဝန်းကျင်ကိုစပ်စုကြည့်တော့
တိုင်းမှူးကျော်ဘ ရထားမထွက်သေးလို့ ကျောင်းသားတွေကို တားထားခြင်းလို့ သိရပါတယ်။
ဆယ်မိနစ်လောက်ကြာတော့ ကျနော်၏ မင်းသား မောင်သိန်းထိုက် ပိတ်ထားသော
ကျောင်းတံခါးဝမှာ ဆရာတယောက်နဲ့ စကားများနေတယ် တိုက်ပုံကိုဝတ်ပြီး ပါးစပ်တခုလုံး
ရဲပဒေါင်းခတ်အောင် ကွမ်းတွေကိုဝါးထားတယ်။ ဆရာကို သူပြောနေတာ ကတော့ “
ကျနော်တို့ အိမ်ပြန်ချင်ပြီး ဒီလက်နက်ကိုင်တွေ ဘာဖြစ်လို့ကျနော်တို့ ကျောင်းသားတွေကို
ဝိုင်းထားကြတာလဲ အခုဖယ်ပေးပါ။ ကားမတ်စ်ကပြောဘူးတယ် စာသင်ကျောင်းဆိုတာ
ကလေးတွေရဲ့ ကစားကွင်းတဲ့ အခုဟာက အကျဉ်းထောင်ကြီးနဲ့တူနေပြီ “ ဟု
သူဖတ်ထားတဲ့စာအုပ်တွေထဲက စကားလုံးတွေကို ဟန်ပါပါရွတ်ပြကာ
အတင်းတိုးထွက်လာခဲ့ပါတယ်။ ကျနော်ရှိရာဖက်သို့ ဦးတည်လာပြီး
ကျနော်တို့နားရောက်တဲ့အခါ လမ်းသွားလမ်းလာ တွေကိုပိတ်ထားတဲ့ BOC ဂိတ်ကို
ကန်ဖွင့်လိုက်သည်။ စောင့်နေသည့် စစ်သားကတော့ ဘာမှမလုပ်ပါ။ ပြီးတော့ သွားကြ သွားကြ
လွတ်လပ်စွာ သွားလာခွင့်ရှိတယ် ဆိုပြီး ကျနော့်အနားရောက်လာပါတော့တယ်။ ဒီနေ့ကျမှ
တိုက်တိုက်ဆိုင်ဆိုင်ကွာ တိုင်းမှူးရောက်နေတယ်တဲ့ သွားမယ်ဆိုပြီးကျနော့်
စက်ဘီးမှာတက်လိုက်လာပါတယ်။ ဟုတ်ပါတယ် (၈) ရက်(၈)လ (၁၉၈၈) ခုနှစ်မှာ
ကျနော်တို့မြို့မှာ စောစောစီးစီး KIA မှ လာပစ်သော သေနတ်သံ ကြားရပါတယ်။
နောက်တိုင်းမှူး ကျော်ဘ ရောက်နေလို့ စစ်တပ်က လုံခြုံရေးတိုးယူထားပါတယ်။
တိုက်ဆိုင်မှုတွေကြောင့် ကျနော်တို့ရဲ့ မဟာစီမံချက်ကြီး အထမမြှောက် ဖြစ်သွားရပါတော့တယ်။
အဲဒီညနေမှာ သိန်းထိုက်ကို ရုံးခန်းမှာထောက်လှမ်းရေးနဲ့ ဆရာများ
ခေါ်ယူစစ်ဆေးခြင်းကိုခံခဲ့ရပါတယ်။ သူ့ကိုဖမ်းရင် ပြဿနာပိုမိုကြီးလာနိုင်တယ်လို့ ယူဆပြီး
သူ့အမ ကျောင်းဆရာမရဲ့ အာမခံချက်နဲ့သူ့ကို ပြန်လွှတ်ပေးလိုက်ပါတယ်။ ကျနော်တို့မြို့မှာ
သြဂုတ်လ(၉) ရက် နေ့မှာစ၍ ကျောင်းတွေ ပိတ်ထားလိုက်ပါတယ်။ ကျနော့်သူငယ်ချင်း
သိန်းထိုက်ရဲ့ဆုတောင်းတော့ပြည့်တယ်လို့ ဆိုရမှာ ပေါ့။ ကောလဟာလများ
တနိုင်ငံလုံးကျောင်းသားတွေ ဆန္ဒပြနေကြပြီလို့ ကျနော်တို့မြို့မှာ ကောလဟာလ
သတင်းတွေပျံ့နေပါတယ်။ “ မြို့နယ်ကကောင်းလို့ ဒီမြို့မှာဘယ်တော့မှ မဖြစ်ရဘူး”
“ကျောက်ပြင် သနပ်ခါးတုန်းတွေထမိန်တွေကို တခြား ကျောင်းသားတွေ ပို့တယ်” စသော
ကောလဟာလသတင်းတွေ ပြန့်လွှင့်နေပါတော့တယ်။ သြဂုတ်လ(၉) ရက်နေ့မှာ
ဘူတာကိုသွားတော့  မြစ်ကြီးနားမြို့မမှာနေတဲ့ ကျနော်တို့ကျောင်းအုပ်ဆရာကြီးရဲ့သား
ဝင်းကျော်သူ ကို မြစ်ကြီးနား-မန္တလေးအစုန်ရထားပေါ်မှာ တွေ့လိုက်ရတယ် ဒါနဲ့မြစ်ကြီးနား
အခြေအနေသွားမေးကြည့်တော့ သူတော့မန္တလေးလစ်တော့မယ်တဲ့ မြစ်ကြီးနားမှာတော့
မနေ့ကဆန္ဒပြတယ် ရဲကပစ်လို့ ဇော်နန်ဆိုတဲ့ ကျောင်းသားတစ်ယောက်သေတယ်
(၁၀)ရက်နေ့မှာ ဇော်နန်အလောင်းကိုထမ်းပြီးဆန္ဒပြမယ်၊ မြစ်ကြီးနားမှာ ကျောင်းသားတွေနဲ့
အာဏာပိုင်တွေကြားတင်းမာမှုတွေကြီးထွားနေတယ်၊ အခြေအနေမကောင်းဘူးဆိုပြီး
ပြောသွားပါတယ်။ တနိုင်ငံလုံးကျောင်းတွေကိုတော့ (၁၀)ရက်နေ့မှာစတင်ပိတ်ဖို့ (၉)ရက်နေ့မှာ
ရေဒီယို မှကြေငြာ၍ ပိတ်လိုက်ပါတော့တယ်။ မှိုင်းရာပြည့်ကွင်းက ကြွေးကြော်သံ
ကျနော်တို့အိမ်တွင် ဧည့်သည် သုံးလေးယောက်က အမြဲလိုရှိနေတတ်ပါတယ်။ အမေနဲ့
အကိုတို့က သူတို့ ၀ယ်လာတဲ့ ကျောက်စိမ်းတွေကို မိုးကောင်းမှာ
ဈေးမကိုက်လျင်(အမြတ်မရရင်) မန္တလေးသို့ ဆင်းရောင်း တတ်ပါတယ်။
အဲလိုသွားရောင်းတဲ့အခါ ကျောက်စိမ်းတွေကို သယ်ပေးမဲ့သူ(carry) ကိုငှါးရပါတယ်။
တရားမ၀င် ရောင်းဝယ်နေကြတာဖြစ်လို့ တနေရာနဲ့ တနေရာ သယ်ယူတဲ့အခါ
အဖမ်းအဆီးခံရတတ်ပါတယ်။ အစော ပိုင်းတော့ အရပ်သား carry တွေငှါးပါတယ်။
အဖမ်းအဆီးတွေများလာတော့ နောက်ပိုင်းမှာ စစ်တပ်ထဲက စစ်သားတွေကို carry
အဖြစ်ငှါးပါတယ်။ အဖေက စစ်မှုထမ်းဟောင်းဆိုတော့ စစ်သားတွေနဲ့လည်း ကျနော် တို့အိမ်က
ရင်းနှီးပါတယ်။ အောက်ခြေစစ်သားတွေရဲ့ ဘဝကိုလည်း ကျနော်တို့မိသားစုက ကောင်းကောင်း
နားလည်ပါတယ်။ စစ်သားဆိုတဲ့နေရာမှာ လက်ရှိ တာဝန်ထမ်းနေသူရော စစ်တပ်မှ
ထွက်ပြီးသားသူတွေလည်း ပါပါတယ်။ (၁၀)ရက်နေ့ရောက်တော့ မန္တလေးမှပြန်လာသော
စစ်မှုထမ်းဟောင်း ဦးတင်ဝင်းက ကျနော့်ကို စာရွက်အပိုင်းလေး လာပေးပါတယ်။
ကျနော်ကြည့်လိုက်တော့ မန္တလေး မှိုင်းရာပြည့်ကွင်းမှာဝေတဲ့ လူထု သပိတ်ကြီး စတင်ဖို့
ခရိုင်မြို့နယ်တော်တော်များများ စုမိနေပြီ မကြာခင် တနိုင်ငံလုံး ဆောင်တဲ့ သပိတ်ကြီး
စတင်တော့မည် သပိတ်ကို အောက်ပါကြွေးကြော်သံအတိုင်း တညီ တညွတ်ထဲ
သပိတ်မှောက်ကြရန်။
သပိတ် …. သပိတ်…… မှောက်မှောက် မီးဒုတ်….မီးဒုတ် ရှို့ …..ရှို့
ကုန်ဈေးနှုန်း အမှန်တကယ်ကျဆင်ရေး ဒို့အရေး…..ဒို့အရေး
ကျောင်းသားသမဂ္ဂပြန်လည်းဖွဲ့စည်းရေး ဒို့အရေး…..ဒို့အရေး
စိန်လွင် အစိုးရဖြုတ်ချရေး ဒို့အရေး…..ဒို့အရေး
ဒီမိုကရေစီရရှိရေး ဒို့အရေး…..ဒို့အရေး
အရေးတော်ပုံ အောင်ရမည် အောင်ရမည်
ဆိုတဲ့စာကိုတွေ့လိုက်တော့ ကျေးဇူးပဲ ဦးတင်ဝင်း ဆိုပြီး စာရွက်ကိုကျနော်ယူလိုက်တော့
ဦးတင်ဝင်းက “မင်းအမေ ဆူနေပါအုံးမယ်ကွာ” ကျနော် ဘာမှပြန်မပြောတော့ဘဲ
ကာဗွန်(မှင်ခံစာရွက်)ခံပြီး အရွက် ငါးဆယ်ခန့်ကူးလိုက်ပါတယ်။ ကျောင်းမှ
ရင်းနှီးသောသူငယ်ချင်း တချို့ကိုတွေ့ပြီး ကြွေးကြော်သံစာရွက် များကို ထပ်ဆင့်ပွားကူးပြီး
လိုက်ဝေငှရန် ပေးလိုက်ပါတယ်။ လူတိုင်းသိတဲ့ လျှို့ဝှက်ချက် သြဂုတ်လ(၁၂)ရက်နေ့မှာ
မနက်အိပ်ယာမှထကတည်းက အညိုးကြီးကြီးနဲ့ ရွာနေတဲ့မိုးဟာ(၁၁) နာရီခွဲ လောက်မှ
စဲလာပါတယ်။ သိန်းထိုက်ကလည်း ကျနော့်အိမ်ဖက်ကို မရောက်လာတော့ပါ။ ကျနော်တို့
မြို့မှာ တကယ်ပဲဆန္ဒပြမဲ့ ကျောင်းသားတွေမရှိတော့ဘူးလား၊
သူငယ်ချင်းတယောက်ပြောသလို စီးပွားရေးကိုပဲ စိတ်ဝင်စားကြတာလား၊
ဘယ်သူမှဦးဆောင်မဲ့သူမရှိကြတော့ဘူးလား၊ စသဖြင့် ခံပြင်းစိတ်တွေနဲ့ အတွေး
နယ်ချဲ့နေမိပါတယ်။ ထိုအချိန်တွင် သိန်းထိုက်တို့ကျောင်းက သူငယ်ချင်းတယောက်
တင်ထွေးဆိုသူ ကျနော့်အိမ်ကိုမေးပြီး ပေါက်ချလာပါတယ်၊
သပိတ်မှောက်မယ်လို့လာပြောပါတယ်၊
မနက်ဖြန်ထွက်ရအောင် မင်းမှာ လူဘယ်နှစ်ယောက်ရှိလဲတဲ့ ကျနော်က
(၂၀)လောက်ရှိတယ်ပြောတော့ သူ့ဆီမှာ အယောက် (၅၀)လောက်ကိုပြောထားပြီးပြီ
အလံလည်းရှိတယ်လို့ပြောလာပါတယ်။ ငါဆီမှာ ကြွေးကြော်သံတော့ရှိပြီ ဒါဆိုမနက်ဖြန်
ရွှေသာလျောင်း ဘုရားကြီးမှာစုပြီး ထွက်မယ်လို့ ကျနော်တို့အကြမ်းပြင်းတိုင်ပင်လိုက်ကြတယ်။
ညဖက်မှာ တခြားသူတွေနဲ့ အသေးစိတ် ပြန်ဆွေးနွေးမည့် နေရာကိုပြောပြီး တင်ထွေးလည်း
ထွက်သွားပါ တယ်။ ကျနော်လည်း သူငယ်ချင်းတွေကိုလိုက်ပြော ကြွေးကြော်သံတွေ
ထပ်ပြီးကူးနဲ့ တနေကုန် အလုပ်ရှုပ် နေတဲ့ ကျနော့်ကို အမေကရိပ်မိလာတယ်၊ မသွားဖို့
မလုပ်ဖို့ပြောတော့ ဟုတ်ကဲ့လို့ပဲ ခေါင်းညိတ်လိုက်တယ်၊ ညနေရောက်တော့
သိန်းထိုက်ရောက်လာပါတယ် သူနဲ့အတူ ဆရာကိုမျိုးလွင်ဆီကိုသွားပြီး မနက်ဖြန် ကျနော်တို့
စတော့မယ်လို့ ပြောလိုက်တော့ သူပြူးတူးပျာတာဖြစ်သွားပါတယ် “ အရမ်းလုပ်လို့မရဘူး စနစ်
တကျ မလုပ်ရင် အားလုံးအဖမ်းခံကြရမယ်” လို့ပြောပါတယ်။ ညဆုံရပ်နေရာကို
ကိုမျိုးလွင်ကိုပြောပြပြီး ပြန်လာခဲ့ပါတယ်။ အခြေအနေ သိရအောင်(၆)နာရီခွဲလောက်မှာ
မြို့ထဲကို လမ်းထွက်လျှောက်တော့ ကျနော်တို့ သိုသိုသိပ်သိပ်စီစဉ်ထားသော ဆန္ဒပြမယ်ဆိုတဲ့
သတင်းကတမြို့လုံးကိုပျံ့နေပါတော့တယ်။ လူတိုင်းသိတဲ့ လျှို့ဝှက်ချက်ပေါ့။
ညရောက်နေတော့ ရေဒီယိုက ဦးစိန်လွင် နုတ်ထွက်သွားပြီဆိုတဲ့ သတင်းကြားတော့ ဆန္ဒပြဘို့
ဆက်လုပ်ရမလား မလုပ်ရဘူးလား ကျနော်မဝေခွဲတတ်ဖြစ်နေပါတယ်။ နောက်နေ့မနက်
ကျနော်အိပ်နေတာ အမေက တွေ့တော့ “ ကဲ--သပိတ်ခေါင်း ဆောင်ကြီး မထသေးဘူးလား” လို့
စသလိုလိုနဲ့ ကျနော်ဘာလုပ်မယ်ဆိုတာ သိချင်တဲ့ပုံနဲ့ စကားလာပြောပါတယ်။
ကျနော်က “ အမေကလည်း စိန်လွင်အစိုးရ ပြုတ်ကျသွားပြီလုပ်စရာမလိုတော့ဘူး” လို့
ပြန်ပြောလိုက်တော့ အမေကစိတ်အေးသွားပြီး သူ့အလုပ်သူ ပြန်လုပ်နေတာပေါ့။ ကျနော်လဲ
လက်ဖက်ရည်သွားသောက်လိုက်အုံးမယ်ဆိုပြီး ပိုက်ဆံတောင်း ထွက်လာခဲ့ ပါတယ်။
စက်ဘီးနဲ့ပါတ်ကြည့်တော့ ကျနော်တို့စုရပ် ရွှေသာလျောင်း ဘုရားကြီးမှာ ဆန္ဒပြမဲ့
ကျောင်းသားတွေ မတွေ့ရပဲ ကျနော်ထင်မှတ်မထားတဲ့ လက်နက်အပြည့်အစုံနဲ့ စစ်သားတွေ
ကိုတွေ့ရပါတော့တယ်။ ထောက်လှမ်းရေးကို လှည့်စားခြင်း မိုးကောင်းမြို
့ ရွှေသာလျောင်းဘုရားကြီးရဲ့ လမ်းတဖက်တွင် လက်ဖက်ရည်ဆိုင်များတန်းစီနေသည်။
ကျနော်တို့ လူတွေကြည့်လိုက်တော့ လက်ဖက်ရည်ဆိုင်တွေမှာ မနက်စာကိုစားသုံးရင်း
အခြေအနေကို စောင့်ကြည့် နေကြပါတယ်။ အဲဒီအထဲမှာ ကျနော်တို့
ကျူရှင်ဆရာကိုမျိုးလွင်ကိုတွေ့ရပါတယ်။ ကိုမျိုးလွင်က ကျနော့်ကို ခေါင်းတချက် ဆတ်ပြီး
အခြေအနေကိုမေးပါတယ်၊ ကျနော်လည်းလက်ကာပြပြီးထွက်လာခဲ့ပါတယ်၊ ပါတီယူနစ်
ရုံးရှေ့က စိမ်းဝါ လက်ဖက်ရည်ဆိုင်အနီးမှာ မြစ်ကြီးနားကောလိပ်မှာ
တက်နေတဲ့ကျော်စိုး(ကျဆုံး)နဲ့ တွေ့တော့ သူက “ မင်းအစီအစဉ်ကိုဖျက် လိုက်တော့တဲ့”
ကျနော်ဘာလုပ်ရမယ်မသိတော့ပဲ ထိုင်တွေဝေနေမိတယ်။ အဲဒီအချိန်မှာ စံရွှေမြင့်ဆိုတဲ့
သူငယ်ချင်း တယောက်ရောက်လာပြီး ကျနော့်ကို ဘာမပြောညာမပြော
ပိတ်ဟောက်ပါတော့တယ်။ “မင်းကွာ လူတွေကို ခေါ်တုန်းကခေါ်ထားပြီး ဘာလုပ်နေတာလဲတဲ့ “
ကျနော်က လည်းပြန်ပြောလိုက်ပါတယ် “ဘာလုပ်ရမှန်းမသိလို့ ထိုင်းနေတာ”
“ဒါဆိုငါ့နောက်လိုက်ခဲ့” ဘယ်ကိုလိုက်မှာ လဲလို့မေးလိုက်တော့ “ဒေဝကျောင်းကို”
လို့ပြန်ပြောတယ် နောက်သူရှင်းပြတာက လ္ဘက်ရည်ဆိုင်မှာ သူက
သုတ်ဿန်ကျောင်း(ဘုန်းကြီးကျောင်း)မှာ လူစုမယ်လို့ အများကြားအောင်ပြောလိုက်တော့
ထောက်လှမ်းရေး တွေက အဲဒီကို ရောက်ကုန်ပြီ ဒါကြောင့် သူနဲ့ဆန်းထွန်းတို့နေထိုင်ရာ
ဒေဝဘုန်းကြီးကျောင်းမှာဆုံကြရန် ဆန်းထွန်းက လူစုထားတယ်ဆိုတော့
ကျနော်ထလိုက်သွားခဲ့ပါတယ်။ ရှားရှားပါးပါ တက္ကသိုလ်ကျောင်းသား ကျနော်ရောက်တော့
ငါးယောက်လောက်သာရှိသေးသည် နောက်တော့ တယောက်စနှစ်ယောက်စ လာ
ရောက်ကြရင်း လူ(၂၀)လောက် ဖြစ်လာတယ်။ ကျနော်လူလိုက်စုကထဲက ကျောင်းသူတွေကို
လိုက်မစည်းရုံးပါ ဒါပေမဲ့ ကျနော့်တို့အတန်းထဲမှ ကျောင်းသူလေးယောက် ရောက်လာပါတယ်။
သူတို့ရောက်လာတော့ နင်တို့ ဘာဖြစ်လို့လာကြတာလဲ အန္တရယ်များတယ်လို့ပြောတော့
ကိုကြီးတို့တောင်လုပ်သေးတာ ညီမလေးတို့လဲ ပါရမယ် ကျောင်းသူ/သားတွေရဲ့အရေး
အားလုံးနဲ့ဆိုင်တယ်ပါရမှာပဲတဲ့ ကျနော့်ကိုပြန်ရန်တွေ့တယ်။ သူတို့နဲ့ကျနော်က
မောင်နှမတွေလို့ရင်းနှီးကြသောသူများ ဖြစ်ကြတယ်။ ဒါကြောင့် ကျနော့်ကို အတန်းထဲမှာလဲ
ကိုကြီးဟုခေါ်ကြတယ်။ ဒီလိုနဲ့ (၂၀)ယောက်တော့ ကျော်လာပြီ။ လူ(၂၀)လောက်ဆိုရင်တော့
အဖမ်းခံရဖို့ များတယ် ကျနော်တို့မြို့က အမြဲတမ်းမာရှယ်လော(၁၄၄) ထုတ်ထားတဲ့မြို
့ လူနည်းရင်တော့ ပစ်လည်း သတ်နိုင်တယ်။ ကျနော်အမျိုးမျိုး တွေးနေမိတယ်။ အဲဒီအချိန်မှာ
နောက်ထပ်(၄)ယောက်ဝင်လာသည် တင်ထွေးက “အဲဒါ ကိုအောင်ကြီးပဲ(ယခု RCSS
ဗဟိုကော်မတီဝင် ဗိုလ်မှူးအောင်မောင်) သူက မန္တလေးတက္ကသိုလ်မှာ ကျောင်းတက်နေတာလို့
ပြောတော့ ကျနော်နဲနဲအားတက်လာပါတယ် ။ ကျနော်တို့ ဦးဆောင် ဆန္ဒပြမဲ့
ကျောင်းသားတွေပြန်ကြည့်လိုက်တော့ တချို့(၈)တန်း(၉)တန်း(၁၀)တန်း ကျောင်းသားတွေ
ရှားရှားပါးပါး တက္ကသိုလ်ကျောင်းသား တယောက်ပါခဲ့တယ်။ အားလုံးလူစစ်ကြည့်လိုက်တော့
ယောင်္ကျားလေး က (၂၃)ယောက် မိန်းကလေးက(၄)ယောက်စုစုပေါင်းမှ (၂၇) ယောက်
အဖမ်းတော့ခံရနိုင်သည်။ ရန်ကုန် နဲ့ တခြားမြို့ကြီးများမှ ကျောင်းသားတွေ
တချို့အသက်တောင်စွန့် သွားကြပြီ တာဝန်ကျေသွားကြပြီ ကျနော်တို့ လက်ပိုက်ကြည့်နေလို့
မရတော့။ မဆလ အလံနဲ့ သူခိုးဓါးပြများ ရောက်လာကြတဲ့ သူတွေအားလုံး
တိုင်ပင်လိုက်ကြပါတယ်။ လူတော့နည်းတယ် မတတ်နိုင် ထွက်မှဖြစ် တော့မယ် ။ ဒါကြောင့်
ကျနော်တို့ ချီတက်ရာလမ်းတွင် တွေ့တဲ့သူမှန်သမျှ အကုန်းဆွဲရန် သဘောတူ လိုက်ကြပါတယ်။
ကျနော်တို့ အားလုံးထွက်ကြမယ် ဘာမှမကြောက်ကြနဲ့ လမ်းမှာတွေ့တဲ့သူမှန်သမျှ အကုန်
ဆွဲထည့် ပြောလိုက်သည်ဆိုရင်ပဲ အားလုံးက တပြိုင်နက်တည်း ပါလာသော ပဝါများ
သင်္ဃန်းအစုတ်များဖြင့် မျက်နှာများတွင် စည်းလိုက်ကြပါတော့တယ်။ တချို့လည်း ပါလာသော
နုတ်ခမ်းနီများ မိတ်ကပ်များဖြင့် ရုပ်ကိုမမှတ်မိအောင်ဖျက် လိုက်ကြပါတယ်။ ထွက်မဲ့သူတွေကို
ပြန်ကြည့်လိုက်တဲ့အချိန်မှာ အစိုးရကို ဆန္ဒပြမဲ့ ကျောင်းသားများနဲ့မတူ ရုပ်ရှင်ထဲက သူခိုး၊
ဓါးပြ တွေလိုဖြစ်သွားပြီး ကိုယ့်အချင်းချင်ပင် သေသေချာချာ မမှတ်မိတော့ ။
အလံတာဝန်ယူထားတဲ့ တင်ထွေးကို အလံထုတ်တော့လို့ ပြောလိုက်တော့ ကျနော်ထင်ထားတဲ့
ကြယ်ငါးပွင့်အလံမဟုတ်ဘဲ ကျနော်တို့ ဆန့်ကျင်သပိတ်မှောက်မဲ့ ကြယ်(၁၄)ပွင့်
အလံဖြစ်နေတာကို သွားတွေ့လိုက်ပါတယ်။ “ဘယ်လိုလုပ်မလဲ ဒါမဆလအလံကြီး” လို့
ပြောတော့ “ဘာမှမဖြစ်ဘူး ဒီအလံနဲ့ ပဲထွက်မယ်” လို့တယောက်ကလှမ်းပြောလိုက်တယ်။
အလံကိုတော့ (၈)တန်း ကျောင်းသား ဇော်လင်းက ကိုင်ပြီးအရှေ့ထွက်လိုက်ပါတယ်။ ကျနော်
လိုက်ဝေထားသောကြွေးကြော်သံမှာ စိန်လွင်အစိုးရ နေရာမှာ
စိန်လွင်အစိုးရပြုတ်ကျသွားပြီဖြစ်တဲ့အတွက် တပါတီအာဏာရှင်စနစ် ဖြုတ်ချရေးလို့
အစားထိုးကာ ပြင် လိုက်ကြတယ် ။ မိုးကောင်းမြို့ဒေဝဘုန်းကြီးကျောင်းဝတွင်
ထွက်ရန်စီလိုက်ကြပါတယ်။ ကျနော် တို့အာလုံးရဲ့ စိတ်ထဲမှာ စိုးရိမ်မှု၊ ကြောက်ရွံ့မှု၊
ခံပြင်းမှုတွေရောပြွန်းနေလိမ့်မယ်လို့ ကျနော်ယုံကြည်မိပါတယ်။ ကြွေးကြော် သံကို
တိုင်လိုက်သည်ဆိုရင် ပဲ ကျနော်တို့ (၂၇)ယောက်၏အသံသည် လူပေါင်းရာထောင်ချီ
အော်သည့်အလား မိုးကောင်းမြို့တမြို့လုံးကို ပဲ့တင်ထပ်သွားပါတော့တယ်။ စစ်တပ်နဲ့
ထိပ်တိုက်တွေ့ကြပြီ သပိတ် သပိတ် မှောက်မှောက် မီးဒုတ် မီးဒုတ် ရှို့ ရှို့ လို့ ကျနော်တို့ရဲ့
ကြွေးကြော်သံကို အော်လိုက်သည်နှင့် တပြိုင်နက်တည် တမြို့လုံးမှာရှိတဲ့ ဈေးဆိုင်တွေ၊
လက်ဖက်ရည်ဆိုင်၊ ပန်းဆိုင်တွေပါမကျန် အကုန်ပိတ်သွား သည်ကို တွေ့မြင်လိုက်ရပါတယ်။
လမ်းသွားလမ်းလာတွေလည်း မတွေ့ရတော့ပါ အိမ်တွေကို ကြည့်လိုက်တော့
တံခါးတွေပိတ်ပြီး
တချို့ကချောင်းကြည့်နေကြတာကိုတွေ့ရပါတယ်။ မိုးကောင်းတမြို့လုံး သုတ်ဿန် တစပြင်
ကဲ့သို့တိတ်ဆိတ် ငြိမ်သက်သွားတော့တယ်။ ကြွေးကြော်သံကို တိုင်ပြီးချီတက်ခဲ့ရာ ချီတက်ရာ
လမ်းကြောင်း တွင် ကျနော်တို့ဆွဲထည့်ရမည့်သူ ခွေးတကောင် ကြောင်တမြီးမှမတွေ့
မြို့တပါတ်ရသွားသော်လည်း ၀င်လာ သူမရှိ။ နောက်မှ ကျနော်သိလိုက်သည်တာက
ကျနော်တို့ရဲ့ မီးဒုတ် မီးဒုတ် ရှို့ရှို့ လို့တိုင်လိုက်တဲ့ ကြွေးကြော် သံကြောင့်
လူတွေအားလုံးကြောက်လန့်ကုန်ကြတယ်လို့ သိလိုက်ရပါတယ်။ ကျနော်တို့ အထက(၂)
ကျောင်း ဖက်ကို ဆက်ချီတက်လာခဲ့ပြီး ကျောင်းက မြို့ထဲဖက်ပြန်အ၀င်မှာ
လက်နက်အပြည့်အစုံနဲ့ စစ်ကားတစီး ကျနော်တို့ချီတက်လာရာလမ်းကို
ပိတ်ရပ်လိုက်ပါတော့တယ်။ ကားပေါ်မှ စစ်သားများဆင်းလာပြီး ပစောက်
ပုံစံနေရာယူလိုက်ကြကို တွေ့လိုက်ရပါတယ်။ သူတို့ပါလာတဲ့ G.3
သေနတ်အသစ်စက်စက်များကို (ဖြောင်းးးဖြောင်းးးဖြောင်း) မောင်းတင်လိုက်သော
အသံများကြောင့် ကျနော့်ရဲ့ နှလုံးခုန်နှုန်းမှာ မီးရထားအစင်း တရာ
ခုတ်မောင်းသွားသည့်အလား တဒိတ်ဒိတ်နဲ့ ခုန်နေပါတော့တယ်။ ကျနော်တို့
သပိတ်စစ်ကြောင်း သည်လည်း ခေတ္တမျှရပ်ဆိုင်းသွားပါတယ်။ ( ရာစု )
(ကိုမင်းဌေး(ABSDFမြောက်ပိုင်း)
facebook မှ ပြန်လည်ကူးယူတင်ပြထားပါသည်။

မိုးကောင်းမြို့ကိုတည်သော ကောဇာသက္ကရာဇ် ၁၁၅၃ ခုနှစ်ကို မှတ်သားရလွယ်စေရန်

No comments :
Post a Comment
Note: Only a member of this blog may post a comment.