Saturday, September 21, 2013

မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုလျော့ကျရေး - လမ်းပြစာတမ်း


အမျိုးသားအဆင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ကျရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ
မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC) နေပြည်တော်
မေလ-၂ဝ-၂၂ရက်၊ ၂၀၁၁ခုနှစ်




နိဒါန်း

၁။ မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုလျော့ကျရေးအတွက် အောက်ဖော်ပြပါကိစ္စငါးရပ်ကို ထည့်သွင်းစဉ်းစားမည်။

၂။ ပထမဦးစွာ ရှေ့ဆက်ဆင်းရဲနွမ်းပါးမှုလျော့ကျရေးဆောင်ရွက်ရန် မိမိတို့၏ လက်ရှိအခြေအနေကို သိထားရမည်။ မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးသူတို့၏ဘဝကို မြှင့်တင်ပေးနိုင်ရေးအတွက် ဆင်းရဲသူတို့နှင့် ပတ်သက်သည့် လက်ရှိအခြေအနေ၊ လိုအပ်ချက်နှင့် မိမိတို့၏လိုအင်ဆန္ဒများကို သိထားရန် လိုအပ်ပါသည်။ သူတို့၏လူနေမှုဘဝ တိုးတက်ကောင်းမွန်လာစေ ရေးအတွက် အရပ်ဘက်ဆိုင်ရာ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အစိုးရအရာရှိများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ပညာရှင်များ၊ ပြည်တွင်းပြည်ပမှ အသိပညာရှင် အတတ်ပညာရှင်များ၏ နိုင်ငံတွင်းရှိ ဆင်းရဲနွမ်းပါးမှု လျော့ကျရေး အတွေ့အကြုံများ၊ သင်ခန်းစာများကို ထုတ်နုတ်ရယူရန် လိုအပ်မည်ဖြစ်ပါသည်။ အထူးသဖြင့် ကျေးလက်နှင့် နယ်စပ်ဒေသတို့တွင် တာဝန်ယူဆောင်ရွက်နေကြသည့် အဖွဲ့အစည်းတို့၏ အတွေ့အကြုံများသည်လည်း အရေးပါပါသည်။ ဖွံ့ဖြိုးမှုအခွင့်အလမ်း နည်းပါးသည့် တိုင်းရင်းသားလူမျိုးစုနှင့် နယ်စပ်ဒေသတွင် လူမှုဒုက္ခကြုံတွေ့နေရသည့် လူမှုအဖွဲ့အစည်းများ၏ အထူးလိုအပ်ချက် များကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်မည်။

၃။ ဒုတိယအချက်မှာ မိမိသွားလိုရာပန်းတိုင်ကိုသိရှိပြီး ပန်းတိုင်သို့ရောက်အောင် သွားရန်နည်းလမ်းကို တွေးတောကြံဆ ရပါမည်။ တစ်နည်းအားဖြင့် ဆင်းရဲနွမ်းပါးမှုကို စနစ်တကျနှင့် ထိရောက်စွာ လျော့ကျနိုင်စေရေးအတွက် မဟာဗျူဟာ တစ်ရပ်ရှိရမည် ဖြစ်ပါသည်။ မဟာဗျူဟာချမှတ်ဆောင်ရွက်ရာတွင် ကာယကံရှင် ဆင်းရဲနွမ်းပါးသူတို့၏ ပြောကြားချက်များ၊ လက်တွေ့ဆောင်ရွက်နေကြသူတို့၏ Óဏ်ပညာများအပေါ်တွင် အခြေခံရမည်။ အလားတူပင် အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံတို့မှ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့်ပတ်သက်၍ စီမံဆောင်ရွက်ခဲ့သည့် အတွေ့အကြုံ ကောင်းများမှတစ်ဆင့် သင်ခန်းစာယူရမည်လည်းဖြစ်ပါသည်။ ထိုနည်းတူစွာပင် ကုလသမဂ္ဂအဖွဲ့ကြီးနှင့် နိုင်ငံတကာအဖွဲ့ အစည်းများမှ ပြုစုရေးသားထားကြသော သုတေသနစာတမ်းများကလည်း များစွာအထောက်အကူပြုနိုင်ပါမည်။ ယခုအခါ ကုလသမဂ္ဂက ထောင်စုနှစ်ဖွံ့ဖြိုးရေးရည်မှန်းချက် Millennium Development Goals (MDGs)2ကို ဆင်းရဲမှုလျော့ပါးစေရေး အတွက် ကြိုးပမ်းချမှတ်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့်လည်း ထိုရည်မှန်းချက်များ အကောင်အထည်ဖော်ရေးအတွက် ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ ယခုကြိုးပမ်းအားထုတ်နေသော ဆင်းရဲနွမ်းပါးမှုလျော့ကျရေး မဟာဗျူဟာသစ်သည် အခွင့်အလမ်းသစ်များ ရယူနိုင်မည်ဖြစ်သကဲ့သို့ မြန်မာနှင့်ကမ္ဘာတစ်ဝန်းတွင် ကြုံတွေ့နေရသော စိန်ခေါ်မှုအသစ်များကိုလည်း တုံ့ပြန်ဖြေရှင်းနိုင်ဖွယ်ရာရှိပါသည်။ ဆင်းရဲနွမ်းပါးမှုလျော့ကျရေးမဟာဗျူဟာသစ်ကြောင့် နိုင်ငံအတွင်းရှိ ဆင်းရဲနိမ့်ကျနေသော ပြည်သူလူထု၏ လူနေမှုဘဝမြင့်မားစေရေးကို အထောက်အကူပြုလာမည်ဖြစ်ပါသည်။

၎။ တတိယအချက်မှာ မဟာဗျူဟာရှာဖွေဖော်ထုတ်ပြီးသည့်နောက်တွင် နောက်တစ်ဆင့်၌ မဖြစ်မနေလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ဖော်ထုတ်ရပါမည်။ ဆင်းရဲနွမ်းပါးမှုလျော့ကျရေးမဟာဗျူဟာကို လက်တွေ့လုပ်ငန်းအစီအစဉ် (Action Programme) ရေးဆွဲရန် ဖြစ်ပါသည်။ လက်တွေ့လုပ်ငန်းအစီအစဉ်တွင် မဟာဗျူဟာ၌ ချမှတ်ထားသော အထူးကိစ္စများ၊ အကြံပြုချက်များနှင့် ဆက်စပ်သည့်လုပ်ငန်းစီမံကိန်းများ ပါဝင်ပါမည်။ လုပ်ငန်းစီမံကိန်းများသည် ရည်မှန်းချက်များ၊ လျာထား ချက်များကို သတ်မှတ်ထားပြီး အချိန်ကာလတစ်ခုအတွင်း တိကျစွာအကောင်အထည်ဖော်ရပါမည်။ စီမံချက်များမှ ရလဒ်များ ထွက်ပေါ်လာပြီး ထွက်ပေါ်လာသောရလဒ်များကို တိုင်းတာပြနိုင်ရမည်။ ဆင်းရဲနွမ်းပါးသူတို့၏ ဘဝအခြေအနေ တိုးတက် ကောင်းမွန်လာကြောင်း ပြနိုင်ရမည်။ အချိန်ကာလအတိုင်းအတာဆိုသည်မှာ သတ်မှတ်ကာလအတွင်း လျာထားချက်များကို အပြည့်အဝအကောင်အထည်ဖော်ဆောင်ရေးဖြစ်သည်။ ဥပမာ-ကျေးလက်ဒေသရှိ ကျောင်းနေအရွယ် ကျောင်းမနေနိုင်သော ကလေးအရေအတွက် သုံးနှစ်အတွင်း ထက်ဝက်လျှော့ချနိုင်ရေး လျာထားချက်မျိုး ဖြစ်ပါသည်။

၅။ စတုတ္ထအချက်မှာ လုပ်ငန်းအစီအစဉ်များကို အကောင်အထည်ဖော်ရာတွင် စောင့်ကြည့်လေ့လာခြင်းနှင့် ပြန်လည် သုံးသပ်ခြင်း (Monitoring and Review) ရှိရေးပင်ဖြစ်သည်။ လုပ်ငန်းစဉ်များသည် ရည်မှန်းချက်အတိုင်း ထမြောက် အောင်မြင်ပြီးစီးမှု ရှိ၊ မရှိနှင့် အကယ်၍ မအောင်မြင်ပါက အဘယ်ကြောင့်မအောင်မြင်ရသည်၊ အောင်မြင်ရန် မည်သို့ဆက်လက် လုပ်ဆောင်မည်ကို သိရှိရပါမည်။ သို့မှသာလျှင် ရည်မှန်းထားသည့် လျာထားချက်များနှင့် ရလဒ်အကြား ကွဲလွဲမှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ကွဲလွဲရခြင်း၏အကြောင်းအရင်းကို အလျင်အမြန်ရှာဖွေဖော်ထုတ်နိုင်မည် ဖြစ်ပါသည်။ ထိုကွဲလွဲမှုများသည် မူဝါဒရေးရာအားနည်းချက်ကြောင့်သော်လည်းကောင်း၊ အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသောအခက်အခဲများကြောင့် သော်လည်းကောင်း၊ အချိန်နှင့်အမျှပြောင်းလဲနေသော နိုင်ငံ၏လိုအပ်ချက်များနှင့်ဆီလျော်မှုမရှိသောကြောင့်သော်လည်းကောင်း ပေါ်ပေါက်လာခြင်း ဖြစ်နိုင်ပါသည်။ ပြန်လည်သုံးသပ်သူတို့အနေဖြင့်လည်း ပြင်ဆင်ရန် လိုအပ်နေသည်များကို တွေ့ရှိပါက ယင်းတွေ့ရှိချက်များနှင့် အကြံပြုချက်များကို သင့်လျော်ရာ အာဏာပိုင်အဖွဲ့အစည်းများထံသို့ အချိန်မီတင်ပြရမည် ဖြစ်ပါသည်။

၆။ နောက်ဆုံးအနေဖြင့် အထက်တွင်ဖော်ပြခဲ့သည့် လုပ်ငန်းတာဝန်လေးရပ်ကို ဆောင်ရွက်ရန် မည်သို့သော စီစဉ်ဆောင် ရွက်မှုများ၊ ယန္တရားများ ဖွဲ့စည်းရမည်ကို စဉ်းစားရန်ဖြစ်ပါသည်။ လက်ရှိကာလတွင် ဤလုပ်ငန်းတာဝန်များကို နိုင်ငံတော် သမ္မတရုံးနှင့်ပူးတွဲထားသော စီးပွားရေးအကြံပေးအဖွဲ့က အခြားသက်ဆိုင်ရာ အစိုးရအာဏာပိုင်များနှင့် အနီးကပ်တိုင်ပင် အကြံÓဏ်ရယူကာ တာဝန်ယူဆောင်ရွက်နိုင်ပါသည်။ သို့သော်လည်း ဆင်းရဲမှုပြဿနာအပေါ် ဘက်စုံထောင့်စုံမှ ထိရောက် စွာ တုံ့ပြန်နိုင်ရန်နှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု ပင်မရေစီးကြောင်းတွင် မြန်မာနိုင်ငံကို ပြန်လည်ပေါင်းစည်းပေးမည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ရန်အတွက် လွတ်လပ်သည့် နိုင်ငံရေးသဘောမဆောင်သော တရားဝင်အဖွဲ့အစည်း တစ်ရပ်ကို ဖွဲ့စည်းလုပ်ဆောင်ရန် အကြံပြုလိုပါသည်။ ယင်းအဖွဲ့အစည်းကို “မြန်မာဖွံ့ဖြိုးရေး အရင်းအမြစ်ဆိုင်ရာအဖွဲ့ အစည်း” Myanmar Development Resource Institute (MDRI) ဟု ခေါ်ဆိုဖွဲ့စည်းပါမည်။ အာရှ-ပစိဖိတ်ဒေသအတွင်းရှိ အခြားနိုင်ငံများကဲ့သို့ပင်(MDRI) အဖွဲ့တွင် ဘုတ်အဖွဲ့ဝင် ဒါရိုက်တာများ၊ အမှုဆောင်ဒါရိုက်တာများ က ဦးဆောင်ကြီးကြပ်မည့် စီမံခန့်ခွဲရေးနှင့် အမှုဆောင်အဖွဲ့တို့ပါရှိမည်ဖြစ်ပါသည်။ (MDRI) အနေဖြင့် မူဝါဒရေးရာ သုတေသနလုပ်ငန်းများ၊ ကျယ်ကျယ်ပြန့်ပြန့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်စေမည့် စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှု များပေါ်ပေါက်စေမည့် စီမံကိန်းများ၊ အစီအစဉ်များနှင့် စီမံချက်များကို ကူညီပံ့ပိုးပေးမည် ဖြစ်ပါသည်။ ပုဂ္ဂလိကကဏ္ဍက အဓိကဆောင်ရွက်၍ နိုင်ငံတော်အစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် နိုင်ငံ၏သယံဇာတအရင်းအမြစ်များကို ထိထိရောက်ရောက် စဉ်ဆက်မပြတ်အသုံးချနိုင်ပြီး မြန်မာပြည်သူ တစ်ရပ်လုံး၏ လူနေမှုအဆင့်အတန်းနှင့် ဘဝအရည်အသွေးကို သိသိသာသာ မြှင့်တင်သွားနိုင်မည့် ဘက်စုံစီးပွားရေးဖွံ့ဖြိုးမှုကို တည်ဆောက်သွားနိုင်ရန် ဖြစ်ပါသည်။

၇။ ယခုစာတမ်းသည် အထက်ဖော်ပြပါအကြောင်းအရာများနှင့်စပ်လျဉ်း၍ သဘောတရားများ၊ အကြံÓဏ်များနှင့် ကိစ္စရပ်များအပေါ် ပမာဏစဉ်းစားချက်များသာဖြစ်ပါသည်။ ယင်းသို့စဉ်းစားနိုင်ရန်နှင့် လိုအပ်သလို ဆက်လက်ဆောင်ရွက်မှု များ ပြုနိုင်ရန် ရည်ရွယ်ပါသည်။ ဤစာတမ်း၏ဖွဲ့စည်းပုံမှာ အောက်ပါအစီအစဉ်အတိုင်းဖြစ်ပါသည်။ ယခုနိဒါန်းတင်ပြပြီးသည့် နောက်တွင် အခန်း(၁)၌ ဆင်းရဲမှုနှင့်တိုင်းတာပုံနည်းစနစ်များကို အကျဉ်းချုပ်တင်ပြပါမည်။ မြန်မာနိုင်ငံအတွက် ဆင်းရဲနွမ်းပါးမှု လျော့ကျရေးမဟာဗျူဟာစဉ်းစားချက်များကို အခန်း(၂)တွင် တင်ပြထားပါသည်။ ဆက်လက်၍ မဟာဗျူဟာအကောင်အထည် ဖော်ရေးအတွက် လုပ်ငန်းအစီအစဉ်များအပေါ် အမြင်များကို အခန်း(၃)တွင် တင်ပြထားပါသည်။ နောက်ဆုံးအနေဖြင့် လုပ်ငန်းအစီအစဉ်များကို စောင့်ကြည့်လေ့လာရေးနှင့် ပြန်လည်သုံးသပ်ရေးအပြင် မြန်မာဖွံ့ဖြိုးရေးအရင်းအမြစ်ဆိုင်ရာအဖွဲ့ အစည်း Myanmar Development Resource Institute (MDRI) တည်ထောင်ရေးအဆိုပြုချက်ကို အခန်း(၄)တွင် တင်ပြထားပါသည်။


အခန်း(၁)

ဆင်းရဲနွမ်းပါးမှုနှင့် တိုင်းတာပုံနည်းစနစ်

(က) ဆင်းရဲမှုကို ဖွင့်ဆိုခြင်း




၈။ ဆင်းရဲနွမ်းပါးသူတို့အား ဆင်းရဲမှုမှလွတ်မြောက်စေရန်မှာ ဆင်းရဲနွမ်းပါးသူမည်သူဆိုသည်ကို သိရှိရန် ဦးစွာလိုအပ် မည်ဖြစ်ပါသည်။ သို့ဖြစ်၍ ဆင်းရဲမှုနှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုရန် လိုအပ်ပါသည်။ ဆင်းရဲမှုနှင့်ပတ်သက်၍ အဓိပ္ပာယ် ဖွင့်ဆိုမှုအမျိုးမျိုးရှိသည့်အနက် မြန်မာနိုင်ငံနှင့်သင့်လျော်မည့် အဓိပ္ပာယ်ဖွင့်ဆိုမှုကိုသာ ရွေးချယ်တင်ပြသွားမည် ဖြစ်ပါသည်။၃

၉။ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဆင်းရဲမှုနှင့်ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုရာတွင် နည်းလမ်းနှစ်မျိုးရှိပါသည်။ ပထမနည်း လမ်းမှာ အိမ်ထောင်တစ်စု သို့မဟုတ် လူတစ်ဦးအတွက် စားဝတ်နေရေးအခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် လုံလောက်သော ငွေကြေး ရှိ၊ မရှိသိရှိရန် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အိမ်ထောင်စုတစ်စု သို့မဟုတ် လူတစ်ဦး၏ ဝင်ငွေသို့မဟုတ် စားသုံးမှုပမာဏအား သတ်မှတ်ထားသည့် ဆင်းရဲမှုအခြေခံမျဉ်း(Poverty Line) နှင့်နှိုင်းဆ၍ အဓိပ္ပာယ်သတ်မှတ်ခြင်းဖြစ်ပါသည်။ ဆင်းရဲမှုအခြေခံမျဉ်းအောက်တွင်ရှိနေသူများအား ဆင်းရဲနွမ်းပါးသူများအဖြစ် သတ်မှတ် ခြင်းမျိုးဖြစ်သည်။ ဤအရေးကိစ္စတွင် ဆင်းရဲနွမ်းပါးမှုကို ငွေကြေးဖြင့်တိုင်းတာခြင်းပင် ဖြစ်ပါသည်။

၁ဝ။ ဒုတိယနည်းလမ်းမှာ ငွေကြေးတိုင်းတာမှုထက်ကျော်လွန်၍ အခြေခံလိုအပ်ချက်များကို ထည့်သွင်းစဉ်းစားရန်ဖြစ်သည်။ အခြေခံလိုအပ်သည့် ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများရရှိမှုအပေါ် တိုင်းတာခြင်းမျိုးဖြစ်သည်။ နိုင်ငံတွင်းရှိ အိမ်ထောင်စု တစ်စု သို့မဟုတ် လူတစ်ဦးတစ်ယောက်အနေဖြင့် အစားအစာ၊ နေအိမ်အမိုးအကာ၊ အဝတ်အထည်၊ သောက်သုံးရေ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး စသည်တို့ လုံလောက်မှု ရှိ၊ မရှိ လေ့လာစူးစမ်းဖော်ထုတ်ခြင်းမျိုးဖြစ်ပါသည်။

၁၁။ တိုင်းတာမှုများ သို့မဟုတ် အညွှန်းကိန်းများကို သတ်မှတ်ရွေးချယ်ရန်ဖြစ်ပါသည်။ အစားအစာဟုဆိုရာတွင် လူတစ်ဦးစီအတွက် တစ်နေ့လျှင် အစားအစာစားသုံးမှု အနည်းဆုံး ကယ်လိုရီ ၂၁ဝဝခန့်ရှိရမည်ဖြစ်သည်။ ယင်းသည် အသက်ရှင်ရန်အတွက် လိုအပ်သောစားသုံးမှုဖြစ်ပါသည်။ အမိုးအကာအတွက်မူ အချို့သောသူများအတွက် လူလေးဦးစာ သက်ကယ်မိုးအခန်းငယ်တစ်ခုအတွင်းနေထိုင်ရမှုမျိုးသည် လုံလောက်မှုမရှိဟု ယူဆသည်။ သို့အတွက်ကြောင့် မိသားစုတစ်စု အတွက် သင့်လျော်သောနေထိုင်မှုဆိုသည်ကို အဓိပ္ပာယ်ဖွင့်ဆိုရာ၌ သက်ဆိုင်ရာနိုင်ငံ၏အခြေအနေပေါ် မူတည်ပါသည်။ အဝတ်အထည်ကိစ္စတွင်လည်း အလားတူပင်ဖြစ်သည်။ အပူပိုင်းရာသီအတွက် သင့်တင့်သောအဝတ်အစားများသည် အလာ စကား(Alaska)သို့မဟုတ် မြောက်ဝင်ရိုးစွန်းတွင် နေထိုင်သူများအတွက်မူ သင့်လျော်မည်မဟုတ်ပေ။ ရှပ်အင်္ကျီ၊ လုံချည်နှင့် ဖိနပ်တစ်ရန်ရှိပါက အရှေ့တောင်အာရှဒေသတွင် လုံလောက်ပြီဟု ယူဆနိုင်ပါသည်။ သောက်သုံးရေအတွက်မူ လမ်း လျှောက်ခရီး ၁၅မိနစ်ထက် မကြာသောအကွာအဝေးအတွင်းရှိနိုင်ရမည်ဟု အကြံပြုကြသည်။ ကျန်းမာရေးကိစ္စမှာမူ ညွှန်းကိန်း များစွာ ရှိသည်။ ကိုယ်ခန္ဓာအလေးချိန်မပြည့်သည့် သို့မဟုတ် အာဟာရမပြည့်ဝသည့်ကလေးများ၊ ကလေးဖွားသေနှုန်း၊ ဆေးခန်း၊ ဆေးရုံကျန်းမာရေးဌာနများသို့ သွားရောက်ကုသနိုင်မှု၊ ဆရာဝန် သူနာပြု ဝမ်းဆွဲလက်သည်များ ရရှိနိုင်မှု၊ အိတ်ခ်ျ အိုင်ဗွီ-အိဒ်စ်၊ ငှက်ဖျား၊ တီဘီစသည့် အဓိကကျသည့်ရောဂါများဖြစ်ပွားနှုန်း စသည်တို့ဖြင့် သတ်မှတ်ကြသည်။ ပညာရေးတွင် လည်း ညွှန်းကိန်းများစွာ သတ်မှတ်နိုင်သည်။ မူလတန်းကျောင်းအပြီး ကျောင်းထွက်ရသော ကလေးများနှုန်း၊ အိမ်ထောင်ဦးစီး၏ ပညာရေးအဆင့်၊ ကျေးရွာတွင် ကျောင်း သို့မဟုတ် ဆရာရရှိနိုင်မှု စသည်တို့နှင့် တိုင်းတာကြသည်။

၁၂။ ၄င်းညွှန်းကိန်းများကို သတ်မှတ်ပြီးသည့်အခါ ဆင်းရဲမှုကိုသတ်မှတ်ဖော်ထုတ်ရန် မည်သို့ဆက်လက်ဆောင်ရွက်ကြ မည်နည်းဟု စဉ်းစားရန်ရှိလာပါသည်။ လူငယ်များအတွက်ဆိုလျှင် အင်္ဂလန်နိုင်ငံ ဘရစ္စတောတက္ကသိုလ်(Bristol University) လူမှုတရားမျှတမှုဆိုင်ရာ ပါမောက္ခ ဒေးဗစ်ဂေါ်ဒန်(David Gorden )က သီးသန့်အကြံပြုထားချက်ရှိပါသည်။ ¤င်းအကြံပြုချက် တွင် လုပ်ဆောင်နိုင်သည့် ညွှန်းကိန်းခုနစ်ခုကို သတ်မှတ်ဖော်ထုတ်ထားပါသည်။ ဤညွှန်းကိန်းများအနက်မှ နှစ်ခု သို့မဟုတ် ထို့ထက်ပိုသည့် ညွှန်းကိန်းများအပေါ် လိုက်မမီနိုင်ဘဲ နေထိုင်ကြရသည့်လူငယ်များကို ဆင်းရဲသူဟု သတ်မှတ်ပါသည်။




မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုလျော့ကျရေး - လမ်းပြစာတမ်း (ပြုစုသူ - ဦးမြင့်) >>>   အပိုင်း ( ၂ ) သို့

No comments :

Post a Comment

Note: Only a member of this blog may post a comment.