၃၅။ အတိတ်မှ သိသိသာသာလမ်းခွဲထွက်ခြင်း
ဆင်းရဲနွမ်းပါးမှုသည် နိုင်ငံတစ်နိုင်ငံအတွက် နိုင်ငံရေးအရ သတိကြီးစွာထား၍ ကိုင်တွယ်ရသည့်ကိစ္စဖြစ်ပါသည်။ မြန်မာပြည်တွင် ဆင်းရဲနွမ်းပါးမှုနှင့်ပတ်သက်၍ လုပ်သင့်လုပ်ထိုက်သလောက် လုပ်ဆောင်ခဲ့ခြင်းမျိုးကို မတွေ့ရပါ။ အစိုးရသစ် က ဆင်းရဲနွမ်းပါးမှုပြဿနာကို ပထမဆုံးပြုလုပ်သည့် နိုင်ငံတော်အဆင့်စီးပွားရေးဆွေးနွေးပွဲတွင် ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်း လာခြင်းကပင် အတိတ်ကာလမှ သိသိသာသာလမ်းခွဲထွက်လာကြောင်း ဖော်ပြနေခြင်း ဖြစ်ပါသည်။ ယခုအလုပ်ရုံဆွေးနွေးပွဲ တွင် မူဝါဒချမှတ်သူများ၊ အစိုးရအရာရှိများ၊ ဒေသခံအရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များ၊ လူထုပြန်ကြားရေးအဖွဲ့အစည်းများ၊ စာနယ်ဇင်းအဖွဲ့ဝင်များ ပါဝင်နေကြောင်း သတိပြုသင့်ပါသည်။ ဆင်းရဲနွမ်းပါးမှုလျော့ကျရေးသည် မြန်မာပြည်သူများအတွက် အလေးထားဖြေရှင်းရ မည့် ကိစ္စဖြစ်ပြီး ဤအလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်သူတို့က ပြန်လည်သုံးသပ်မှုများ၊ အမြင်ချင်းဖလှယ်မှုများ၊ အကြံပြုဆွေးနွေး တင်ပြမှုပြုခြင်းများအားဖြင့် အဖြေရှာဆောင်ရွက်ကြမည် ဖြစ်ပါသည်။ ထိုအနေအထားက နိုင်ငံတော်သည် စီးပွားရေးနှင့် လူမှုရေးပြဿနာများကို ချဉ်းကပ်မှုအသစ်ဖြင့် ဖြေရှင်းရန်ဆန္ဒရှိကြောင်း ဖော်ပြရာရောက်ပါသည်။
၃၆။ အခြေခံမူများ
မြန်မာနိုင်ငံအတွက် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးမဟာဗျူဟာကို နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်များနှင့်အညီ ယခုကဲ့သို့ဆောင်ရွက်ကြခြင်းဖြစ်ပါသည်။ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်များမှာ မတ်လ ၃ဝရက်နေ့ ပြည်ထောင်စု လွှတ်တော်ရှိ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ၌ ပြောကြားခဲ့သော မူဝါဒဆိုင်ရာမိန့်ခွန်း၊ မတ်လ ၃၁ရက်နေ့ ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုအဖွဲ့အစည်းများ၏ အကြီးအကဲများသို့ ပြောကြားသည့် မိန့်ခွန်းနှင့် ဧပြီလ ၆ရက်နေ့ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ပြည်ထောင်စု ဒုတိယဝန်ကြီးများအား ပြောကြားသည့် မူဝါဒရေးရာမိန့်ခွန်းများဖြစ်သည်။ ထိုမိန့်ခွန်းများ၌ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူတာဝန်ခံမှု၊ ကောင်းမွန်သောအစိုးရစနစ်၊ တရားဥပဒေစိုးမိုးရေးကိစ္စများကို အလေးပေးပြောကြားခဲ့သည့်အပြင် အဂတိလိုက်စားမှု၊ လူနည်းစုကောင်းစားရေးဝါဒ၊ ဆင်းရဲချမ်းသာကွာဟမှုကိစ္စများအပေါ် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေကြောင်းကိုလည်း အလေးအနက်ပြောကြားခဲ့ပါသည်။၁၄ ဤအရေးကိစ္စများသည် မြန်မာနိုင်ငံတွင် မဖြစ်မနေဖြေရှင်းရမည့်ပြဿနာများဖြစ်ပြီး ယင်းတို့ကို စပြီးကိုင်တွယ်ဖြေရှင်းရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခြင်းသည်ပင်လျှင် နိုင်ငံတော်၏အသွင်သစ်တစ်ရပ်ကို ဖော်ပြခဲ့သည်သာမက ဆင်းရဲနွမ်းပါးမှု ပြဿနာလျှော့ချစေရေးနှင့် ဆက်လက်ဆောင်ရွက်မည့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်သည့် ကောင်းမွန် သောနိဒါန်းလည်း ဖြစ်ပါသည်။
၃၇။ နိုင်ငံတော်သမ္မတကြီးက ထိုသို့သောအပြုသဘောဆောင်သည့် မူဝါဒရေးရာကြေညာချက်သည်ပင် မျှော်လင့်အားတက် စရာလည်းဖြစ်လာစေပါသည်။ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ အပြုသဘောရှုမြင်သော် လည်း နိုင်ငံရေးဆန္ဒနှင့် လုပ်နိုင်စွမ်းတို့အပေါ် သံသယရှိနေသောကြောင့် ထိုသံသယများ၊ စိုးရိမ်ပူပန်မှုများကို ပပျောက်စေ ရန်မှာ လက်တွေ့ကျသည့်လုပ်ဆောင်မှုများ ဆောင်ရွက်ပြရန် လိုအပ်ပါမည်။ ဆင်းရဲနွမ်းပါးမှုလျော့ကျရေးသည် ဤစိန်ခေါ်မှု များကိုရင်ဆိုင်ရန် အလားအလာကောင်းသည့်လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါသည်။ နိုင်ငံတွင်းရှိ ဆင်းရဲနွမ်းပါးသူများ လက်တွေ့ ခံစားနေရသော ဒုက္ခများအပေါ် လက်ခံအသိအမှတ်ပြုမှုများ ပိုမိုကျယ်ပြန့်လာနေပါသည်။ ယင်းတို့နှင့်ပတ်သက်ပြီး နိုင်ငံတော်အကြီးအကဲများအနေဖြင့် လုပ်ဆောင်ပေးရန်ဆန္ဒ မြင့်မားလာပါသည်။ မြန်မာနိုင်ငံသည် သဘာဝသယံဇာတ အရင်းအမြစ်ြ<ွကယ်ဝသည့်နိုင်ငံဖြစ်နေပြီး နိုင်ငံ၏ စိုက်ပျိုးရေး၊ စားသောက်ကုန်ထုတ်လုပ်ရေး၊ ရေလုပ်ငန်း၊ တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းကဏ္ဍများသည်လည်း အလားအလာကောင်းများဖြစ်ထွန်းနေသကဲ့သို့ ဆင်းရဲသူများ၏ အဓိကလိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် အနေအထားများလည်း ရှိနှင့်ပြီးဖြစ်ပါသည်။ ဤအချက်များသည်ပင် ဆင်းရဲမှုလျော့ကျရေးမဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်များကို ရေးဆွဲ၍ အကောင်အထည်ဖော်ရန် အခြေခံကောင်းများဖြစ်ပါသည်။
၃၈။ ပို၍ပွင့်လင်းမြင်သာမှု၊ တာဝန်ယူတာဝန်ခံမှု
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးမဟာဗျူဟာမှ ရလဒ်ကောင်းများ ထွက်ပေါ်လာစေရေးသာမက စီးပွားရေးပြုပြင်ပြောင်းလဲ မှုကိုပါ ဖော်ဆောင်ရာတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူတာဝန်ခံမှုသည် အလွန်အရေးကြီးပါသည်။ ထိုကိစ္စများမှာ စီးပွားရေး အကြံပေးပုဂ္ဂိုလ်တွေနှင့် ပိုမို၍သက်ဆိုင်မည်ဟုလည်း ထင်ပါသည်။
၃၉။ အတိတ်ကာလက ပညာရှင်နှင့် သုတေသီတို့သည် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးပြဿနာများအပေါ် လေ့လာမှုများ ပြင်ဆင်တင်ပြ၍ အမြင်သုံးသပ်ချက်များပေးရာတွင် မိမိဘာသာ ဆင်ဆာဖြတ်တောက်တင်ပြသည့်အလေ့အထရှိခဲ့ကြပါသည်။ ယခုအခါတွင် သမ္မတကြီး၏ မူဝါဒမိန့်ခွန်းများကြောင့် ပိုမိုပွင့်လင်း၍ ထင်သာမြင်သာရှိရေးနှင့်စပ်လျဉ်း၍ အလားအလာ ကောင်းများကို ပို၍ရှုမြင်ရမည်ဟု ယုံကြည်ပါသည်။ ပိုမိုပွင့်လင်းထင်သာမြင်သာရှိမှုကြောင့် ပညာရှင်တို့အနေဖြင့်လည်း သူတို့၏ရှုမြင်သုံးသပ်ချက်များ ပို၍ရိုးသားစွာတင်ပြလာကြမည်ဟု ယူဆရပါသည်။ ရိုးသားမှုနှင့်ပွင့်လင်းမြင်သာမှုသည် ပြည်သူ လူထုတို့၏ ယုံကြည်မှုရရှိလာရေးတွင် အလွန်အရေးပါသည့်ကိစ္စလည်း ဖြစ်ပါသည်။ ပြည်သူလူထု၏ နားလည်မှု၊ ပူးပေါင်း ဆောင်ရွက်မှု၊ ထောက်ခံအားပေးမှုနှင့် ယုံကြည်မှုရရှိမှသာလျှင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးသာမက စီးပွားရေးပြုပြင် ပြောင်းလဲမှုကိစ္စကိုပါ ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
၎ဝ။ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးကို ချဉ်းကပ်ရာတွင် ပွင့်လင်းမှုနှင့် ထင်သာမြင်သာရှိမှုတို့ အရေးပါပုံကို အမေရိကန် ပြည်ထောင်စုအား နမူနာအဖြစ် ကြည့်နိုင်ပါသည်။ ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး၊ စီးပွားရေးအင်အားအကောင်းဆုံး၊ အချမ်းသာဆုံးနိုင်ငံတစ်နိုင်ငံတွင်ပါဝင်သော အမေရိကန်ပြည်ထောင်စုကပင်လျှင် သူတို့နိုင်ငံတွင် မိမိတို့သတ်မှတ်ထားသော ဆင်းရဲမှုမျဉ်းအရ ၄၃သန်းသောပြည်သူများမှာ ဆင်းရဲနွမ်းပါးနေကြပြီး တိုင်းပြည်ဝင်ငွေ၏ လေးပုံ တစ်ပုံကို ထိပ်ဆုံး တစ်ရာခိုင်နှုန်းကသာ ရယူခံစားနေကြသည်ဟု ထုတ်ဖော်ပြောဆိုလာမှုများရှိပါသည်။၁၅ ထိုရှုထောင့်မှကြည့်လျှင် မြန်မာ နိုင်ငံတွင်လည်း ဆင်းရဲနွမ်းပါးသူများရှိနေပြီး ယင်းတို့၏ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရမည်ဟု ထုတ်ဖော်ပြောဆိုဖို့အရေး ဝန်လေးရန်မသင့်ပါ။
၄၁။ အားလုံးပါဝင်သည့်ချဉ်းကပ်မှု
မြန်မာနိုင်ငံ၌ ကျေးလက်ဒေသတွင် ဆင်းရဲနွမ်းပါးမှုအများဆုံးရှိနေရာ လူဆင်းရဲများ၏ပြဿနာကိုဖြေရှင်းရန် စိုက်ပျိုး ရေးဖွံ့ဖြိုးတိုးတက်မှုသည် အတော်ပင်အထောက်အပံ့ပြုနိုင်မည် ဖြစ်ပါသည်။ သို့သော် ကျေးလက်ဒေသတွင် မနေထိုင်ကြသော လူဆင်းရဲများလည်း နိုင်ငံတိုင်းတွင်ရှိနေပါသည်။ မြန်မာနိုင်ငံတွင် မြို့ပြနေဆင်းရဲသူများအပြင် ပထဝီအနေအထားအားနည်းမှု ကြောင့် ဆင်းရဲသူများ၊ တိုင်းရင်းသားမျိုးနွယ်စုများနှင့် ဆက်နွှယ်ဆင်းရဲသူများ၊ နယ်စပ်ဒေသများကဲ့သို့ တည်ငြိမ်မှုအားနည်း သည့်နေရာများတွင် နေထိုင်ကြသော ဒုက္ခရောက်နေသည့် လူ့အဖွဲ့အစည်းများလည်းရှိနေကြပါသည်။ ထိုသူများ၏ လိုအပ် ချက်များကို ဖြည့်ဆည်းနိုင်မည့်အကူအညီများနှင့် အထူးအစီအစဉ်များသည် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးမဟာဗျူဟာတွင် ပါဝင်ရန် အလွန်လိုအပ်ပါသည်။
၄၂။ ယင်းအချက်နှင့်ပတ်သက်၍ မြို့ပြနေဆင်းရဲသားများ၏အခန်းကဏ္ဍကိုလည်း သတိပြုသင့်ပါသည်။ မြို့ပြဆင်းရဲသား အများစုသည် ကျေးလက်မှ မြို့ပေါ်တက်၍ စားဝတ်နေရေးအတွက် လာရောက်အလုပ်လုပ်ကိုင်ကြသူများဖြစ်ပြီး ကျေးလက် နှင့် အဆက်အသွယ်အမြဲရှိနေကြပါသည်။ ရရှိသောဝင်ငွေမှ တတ်အားသမျှ ကျေးလက်ရှိမိသားစုများထံ ပြန်လည်ထောက်ပံ့ ကြသူများလည်း ဖြစ်ကြပါသည်။ ထို့ကြောင့် မြို့ပြနေဆင်းရဲသားများအတွက် အလုပ်အကိုင်နှင့်အခွင့်အလမ်းကောင်းများ ဖန်တီးပေးခြင်းသည် ကျေးလက်ဆင်းရဲသားများကို ကူညီရာလည်း ရောက်ပါသည်။
၄၃။ လက်တွေ့ကျကျလုပ်ဆောင်ရေး
ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးမဟာဗျူဟာတွင် လက်တွေ့ကျကျလုပ်ဆောင်ရန် နည်းလမ်းများကို အဆိုပြုပါသည်။ လက်တွေ့ကျသောနည်းမှာ ဘာပြဿနာရှိရှိ ဖြေရှင်းပေးမည်။ ပြဿနာကို အလုပ်ဖြစ်သောနည်းဖြင့် ဖြေရှင်းမည်ဖြစ်သည်။ ပြည်သူ့အကျိုးအတွက် မည်မျှကြိုးကြိုးစားစားလုပ်ဆောင်နေသည်က အရေးမကြီးပေ။ ပြည်သူ့အကျိုးအတွက် ဘာတွေ လက်တွေ့ဆောင်ရွက်ခဲ့သလဲဆိုသောအချက်က အရေးကြီးပါသည်။
၄၄။ လက်တွေ့ကျသောနည်းနှင့်ပတ်သက်၍ တရုတ်ပြည်မှ နမူနာကိုကြည့်နိုင်ပါသည်။ စိုက်ပျိုးရေးကဏ္ဍပြုပြင်ပြောင်းလဲ ရေးတွင် ပုဂ္ဂလိကလယ်ကွက်များ သတ်မှတ်ခြင်းနှင့် ထွက်ကုန်များကို ဈေးကွက်သို့သွားရောက်ရောင်းချကြခြင်းကို လယ်သမား များကိုယ်တိုင် စတင်လုပ်ဆောင်ခဲ့ကြသည်။ ယင်းပြုပြင်ပြောင်းလဲမှုများကို တရုတ်ပြည်စီးပွားရေး၏ ဗိသုကာတိန့်ရှောင်ဖိန် (Deng Hiaoping) သည် တရားဝင်အတည်ပြုပေးခဲ့ခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။ အလားတူ ကျေးလက် နွမ်းပါးမှုတိုက်ဖျက်ရေးအတွက် အဓိကကျသောကျေးလက်လုပ်ငန်းများ Town and Village Enterprises (TVEs)ထူထောင်ပေးသည်။ ယင်းဆောင်ရွက်ချက်သည် လယ်ယာမလုပ်သော်လည်း ကျေးရွာတွင် အခြေချနေထိုင်လုပ်ကိုင်စေသည့် လုပ်ငန်းမျိုး ထူထောင်ပေးခြင်းဖြစ်သည်။ ထိုသို့သောလုပ်ငန်းများ ထောင်ပေါင်းများစွာကို ထူထောင်ပေးခဲ့သည်။ ၁၉၇၉ခုနှစ် တွင် စတင်ခဲ့သော ထိုစနစ်ကြောင့် ၁၉၈၆ခုနှစ်အရောက်တွင် TVEs များမှနေ၍ ကျေးလက်ဒေသ၏ ၂၁ရာခိုင်နှုန်းလုပ်အား ကို အသုံးပြုနိုင်ခဲ့ပြီး ကျေးလက်ထွက်ကုန်၏ တစ်ဝက်ကျော်ကို ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။
၄၅။ TVEs များ၏စွမ်းဆောင်မှုကို တိန့်ရှောင်ဖိန် အံ့သြခဲ့ရသည်။ TVEs များက ယခုကဲ့သို့လုပ်ဆောင်နိုင်စွမ်းရှိမည်ဟု မထင်ခဲ့ကြောင်း သူက ဝန်ခံခဲ့သည်။ ထိုမှရရှိသောသင်ခန်းစာမှာ ပြည်သူလူထုအား အထင်မသေးသင့်ကြောင်း၊ ဘာတွေလုပ် ကြဟု သူတို့အား ပြောဆိုနေမည့်အစား သူတို့အကျိုးရှိမည့်အလုပ်ကို သူတို့ကိုယ်တိုင်သိကြသောကြောင့် သူတို့၏ဆန္ဒနှင့် လုပ်ဆောင်မှုများကို ကူညီပံ့ပိုးပေးရန်သာသင့်ကြောင်း ဖြစ်ပါသည်။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးမဟာဗျူဟာတွင် ထိုကဲ့သို့ ဆောင်ရွက်ခြင်းသည် ကောင်းမွန်သောနည်းလမ်းတစ်ခုဖြစ်ပါသည်။
No comments :
Post a Comment
Note: Only a member of this blog may post a comment.