ဇာတ်သဘင်သမားဘဝကို တိုက်သူကြီးရာထူးနှင့် မလဲနိုင်သည့် ရှမ်းအနုပညာရှင်ကြီး ဦးသြဇေယျ
=============================================================
သီပေါကိုလတ်
ရှမ်းပြည်နယ်မှ ရှေးစော်ဘွားကြီးများသည် အနုပညာရှင်များကို အထူးအားပေးမြှောက်စားခဲ့ကြသည်။ အနုပညာကိုလေးစားမှုရှိသလို ဖန်တီးသူအနုပညာသမားတို့အပေါ်၌လည်း တန်ဖိုးထားမှု ရှိခဲ့ကြသည်။ ဟော်နန်းတော်ကြီးအတွင်း၌ “သဘင်ဆောင်”ဟူ၍ပင် သီးခြားထားရှိပေးခဲ့သည်။ ရှမ်း၊ ဗမာ ဇာတ်သဘင်ပညာရှင်များကို သဘင်ဆောင်၌ လာရောက်လေ့ကျင့်ကပြသီဆိုခွင့်ပြုခဲ့သည်။ တော်ဝင်မျိုးနွယ်များကိုလည်း ကပြဖျော်ဖြေခွင့်ရရှိခဲ့ကြသည်။ သဘင်အနုပညာရှင်များအတွက် “ဇာတ်စု”ရပ်ကွက်ဟူ၍ပင် သီးသန့်နေရာချထားပေးခဲ့သည်။ ချီးမြှင့်မြှောက်စားခဲ့ကြသည်။ ထိုအချိန်ကာလက ရှမ်းပြည်နယ်တစ်ခွင်လုံး၌ ယနေ့အထိ နာမည်ထင်ရှားကျော်ခဲ့သော ရှမ်းပြဇာတ်သဘင်ဖခင်ကြီး ဦးသြဇေယျ ခေါ် လုံးသြဇေယျဆိုသည့် အနုပညာရှင်ကြီးတစ်ဦးရှိခဲ့သည်။ ရှမ်းသဘင်ပညာရှင်အားလုံးက ယနေ့အထိ အလေးအမြတ်ပြု ဂါရဝထားနေရသော ရှမ်းဂီတသဘင်အနုပညာရှင်ကြီးလည်းဖြစ်သည်။
ဦးသြဇေယျကို နောင်ချိုမြို့နယ် သဖန်း ကုန်းကျေးရွာ၌ အဘဦးမောင်မှန်း၊ အမိ ဒေါ်အေးဆိုင်တို့မှ ၁၂၆၅ ခုနှစ် တော်သလင်း လဆန်း ၉ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ ငယ်အမည်မှာ “ဖိုးနွယ်” ဖြစ်ပြီး ညီငယ်အမည် က ဖိုးကြွယ်ဖြစ်သည်။
မိခင်နှင့်အတူ ကျောက်မဲမြို့နယ် ပန်ပေါင်း ရွာသို့ ပြောင်းရွှေ့လာပြီး စတုတ္ထတန်း အောင်မြင်သည်အထိ ပညာသင်ကြားခဲ့ဖူးသည်။ အသက် ၁၁ နှစ်အရွယ်တွင် ကျောက်မဲမြို့ ဖပွတ်ကျောင်းတိုက်၌ ရှင်သာမဏေပြုခဲ့ပြီး “ရှင်သြဇေယျ”ဟု ဘွဲ့အမည်တွင်ခဲ့သည်။ အသက် ၁၅ နှစ်အရွယ်တွင် လူထွက်ပြီး ဦးလေးဖြစ်သူ ဆရာဦးကာလိန္ဒနှင့်အတူ သီပေါ မြို့၌ နေထိုင်ခဲ့သည်။ ဦးလေးထံမှ ဗေဒင်အတတ်၊ ဆေးပညာအတတ်များကို သင်ယူခဲ့သည်။
ဦးသြဇေယျသည် အနုပညာကို ထက်သန် စွာဝါသနာပါသူလည်းဖြစ်သည်။ ရှမ်းလူပျိုအပျို လှည့်စကားထာများ၊ ကဗျာလင်္ကာများကို အထူး စိတ်ဝင်တစားလေ့လာခဲ့သည်။ ပြုစု မှတ်သား၍ စုဆောင်းခဲ့သည်။ ၁၃၀၅ ခုနှစ်တွင် ဝါသနာတူသူများနှင့် စုပေါင်း၍ သီပေါမြို့ ဘိုးတော်ကျောင်းတိုက်၌ အပျော်တမ်းအက အဖွဲ့အဖြစ် ကပြခဲ့ကြသည်။ ဦးသြဇေယျက ဒါရိုက်တာနှင့် ဇာတ်ညွှန်းဆရာအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ရှမ်းခေတ် ဟောင်းကိုယ်ပိုင်သံစဉ်များကိုလည်း တီထွင် ပြီး တီးဝိုင်းဖြင့် သီဆိုနိုင်အောင် ကြိုးစားခဲ့ သည်။ ရှမ်းအနုပညာဂီတသဘင်တို့ဖြင့် ရှမ်း ပြည်သူလူထု လက်ခံသတိပြုလာနိုင်အောင် လည်း လမ်းဖောက်ခဲ့သည်။
ခရစ်နှစ် ၁၉၄၆ ခုနှစ်တွင် သီပေါစော်ဘွား စဝ်ကြာဆိုင်က သူ့အပေါ် ကျေးဇူးရှိခဲ့သည့် ဦးသြဇေယျအား ထိုအချိန်က အင်မတန်မှ အရှိန်အဝါကြီးမားသော တိုက်သူကြီးခန့်အပ် ရန်အတွက် ကမ်းလှမ်းခဲ့သည်။ သို့ရာတွင် ဦးသြဇေယျက တိုက်သူကြီး အရှိန်အဝါရာထူး အာဏာထက် ရှမ်းဇာတ်သဘင် အနုပညာကို သာ မြတ်နိုးသည်။ စော်ဘွားချီးမြှင့်ပေးအပ် မည့် တိုက်သူကြီးရာထူးကို မလိုချင်ကြောင်း၊ ရှမ်းဇာတ်သဘင်ကိုသာ ထူထောင်သွားနိုင် အောင် စော်ဘွားကြီးက အားပေးကူညီစေလိုပါ ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
ထိုအခါ စော်ဘွားစဝ်ကြာဆိုင်က ရှမ်းဇာတ် သဘင်ထူထောင်နိုင်ဖို့ ဘာအကူအညီပေးရမှာ လဲဟု မေးသည်။ ဦးသြဇေယျက ရှမ်းဇာတ် သဘင်ထူထောင်ဖို့အတွက် ဇာတ်ပစ္စည်း ဝယ်နိုင်ရန်ပိုက်ဆံ ငွေကျပ် ၁၀၀၀ သာ လိုအပ်ပါ တယ်ဟု ပြန်ပြောရာ စော်ဘွားက အံ့အားသင့် သွားခဲ့သည်။ ပြီးမှ ပိုက်ဆံတစ်ထောင်နဲ့ရပြီ လား၊ ထပ်ယူဦးမလား၊ အကူအညီပေးပါမည် ဟုပြောသည်။ ဦးသြဇေယျက ဇာတ်ပစ္စည်းဝယ် ဖို့တစ်ထောင်ပဲလိုအပ်တာပါ၊ အပိုမလိုအပ်ပါ ဟု ပြန်ပြောကြားခဲ့သည်။ ထိုအခါ စော်ဘွားက ဆုတော်ငွေကျပ် ၁၀၀၀ ချီးမြှင့်ထုတ်ပေးစေခဲ့ သည်။
ဦးသြဇေယျသည် စော်ဘွားချီးမြှင့်ငွေကျပ် ၁၀၀၀ ဖြင့် တူရိယာပစ္စည်းများ ဝယ်ယူပြီး ရှမ်းဇာတ်သဘင်အဖွဲ့ကို အခိုင်အမာ ထူထောင်ခဲ့တော့သည်။ မိုင်းမုမှ နန်းလိတ်ကို ပထမဦးဆုံး ရှမ်းပြဇာတ်မင်းသမီးအဖြစ် စင်တင်ခဲ့သည်။ မင်းသမီး၏ ညကြေးကိုလည်း ထိုက်တန်စွာပေးခဲ့သည်။ ထို့နောက်ပိုင်းတွင် ကြိုးစားမှု၊ ရိုးသားမှု၊ တီထွင်တင်ဆက်နိုင်မှုတို့ ကြောင့် အောင်မြင်တိုးတက်မှုရရှိလာပြီး ရှမ်းပြည်အနှံ့ သွားရောက်ကပြခဲ့ကြရသည်။ ထို့အပြင် အခြားမြို့ရွာများသို့လည်း ဇာတ် သဘင်ပညာများကို သင်ကြားပေးခဲ့ရသည်။
ရှမ်းခေတ်ဟောင်းဇာတ်ဝင်သီချင်းများ၊အဖွင့်အပိတ်သီချင်းများကိုလည်း ကိုယ်တိုင် သီကုံးစပ်ဆိုခဲ့သည်။ အော်ပရာဇာတ်လမ်းများ နှင့် ရာဇဝင်များကိုလည်း ကိုယ်တိုင်ရေးဆွဲကာ ပရိသတ်များ စိတ်ကျေနပ်နှစ်သက်အောင် ဖျော်ဖြေတင်ဆက်နိုင်ခဲ့လေသည်။
အသက်၂၄ နှစ်အရွယ်တွင် အိမ်ထောင်ကျ ခဲ့ပြီး မကြာမီ ဇနီးဖြစ်သူ ကွယ်လွန်သွား၍ နောက်ထပ် အိမ်ထောင်နှစ်ဆက်အထိပင်ပြုခဲ့ သည်။ သားသမီးသုံးဦး ထွန်းကားခဲ့သည်။ သမီးငယ်ဖြစ်သူကို ပွဲဦးထွက်မင်းသမီးလေး အဖြစ် စင်တင်ပွဲထုတ်ခြင်းပြုခဲ့သည်။ အလား တူပင် ရှမ်းဇာတ်သဘင် မျိုးဆက်ပေါင်းများစွာ ကိုလည်း လက်ဆင့်ကမ်းသင်ကြားပြသ၍ မွေးထုတ်ပေးခဲ့သည်။ ဦးသြဇေယျကား ရှမ်းဇာတ်သဘင်အနုပညာများဖြင့်သာ ဘဝကို ပျော်ရွှင်ကျေနပ်စွာ ကျင်လည်ဖြတ်သန်းခဲ့ သည်။ ရှမ်းပြည်နယ်တစ်ခွင်လုံး သူ၏ လုံးသြ ဇေယျရှမ်းသဘင်မှာ အထူးပင် ကျော်ကြား ထင်ရှားခဲ့ရသည်။ သီပေါစော်ဘွားစဝ်ကြာဆိုင် ထံမှ နောက်ထပ် မည်သည့်အခွင့်အရေးမျှလည်း တောင်းခံခြင်းမရှိတော့။ စော်ဘွားအလုပ် စော်ဘွားလုပ်၍ ဇာတ်သမားအလုပ် ဇာတ်သမား လုပ်ခဲ့ကြသည်။ ကိုယ့်လမ်းကိုယ်ထွင်၍ ကိုယ့် ခရီး ကိုယ်နှင်ခဲ့ကြလေသည်။
ဂီတသဘင်အနုပညာများဖြင့် ရှမ်းပြည် လူထုကို အကျိုးပြုခဲ့သော လုံးသြဇေယျခေါ် ဦးသြဇေယျသည် အသက်(၈၅)နှစ်အရွယ်တွင် သီပေါမြို့ ဟာလျန်ရပ်နေအိမ်၌ ကွယ်လွန်သွား ခဲ့သည်။ ဦးသြဇေယျသည် ရှမ်းဇာတ်သဘင်ကို စတင်တည်ထောင်ပြီး ရှမ်းယဉ်ကျေးမှုအားဖော်ထုတ်ပေးသူဖြစ်သဖြင့် ၂၀၀၈ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်လုံးဆိုင်ရာ ရှမ်းပိဋကတ်ဘာသာပြန်အဖွဲ့ချုပ်က ပင်လုံမြို့ နှစ် (၅၀)ပြည့် ရွှေရတုပရိယတ္တိသဒ္ဓမ္မပါလ စာပွဲတော်၌ ရှမ်းအနုပညာရှင်ထူးချွန်ဆုကို ချီးမြှင့်ခဲ့လေသည်။
ထိုဆုကို ဦးသြဇေယျကိုယ်စား မော်ကွမ် တိုင်း(ရှမ်းချယ်ရီ) ဇာတ်အဖွဲ့ပိုင်ရှင် ဦးဆန်စိုင်း က တက်ရောက်လက်ခံခဲ့သည်။ ဆက်လက်၍ ရှမ်းစာဆိုတော်ဂုဏ်ပြုမြှင့်တင်ရေးနှင့် ရှမ်း ယဉ်ကျေးမှုပြဇာတ်သဘင် ဦးဆောင် တည်ထောင်သောဂီတအနုပညာရှင် ဆရာကြီး ဦးသြဇေယျကို ဂုဏ်ပြုချီးမြှင့်ခြင်းအပါအဝင် ရှမ်းဇာတ်သဘင်၏ (၇၅)နှစ်မြောက် စိန်ရတု အထိမ်းအမှတ် ပွဲတော်ကိုလည်း ၁၃၈၀ ပြည့်နှစ် က သီပေါမြို့ အောင်မင်္ဂလာဘိုးတော်ကျောင်း တိုက်၌ စည်ကားစွာ ကျင်းပခဲ့ကြသည်။
ထိုစိန်ရတုအထိမ်းအမှတ်ကို ဆရာတော် များ၏ သြဝါဒခံယူ၍ ရှမ်းဇာတ်သဘင် အနု ပညာရှင်များက ဒေသခံရှမ်းတိုင်းရင်းသားများ နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပေသည်။ ဦးသြဇေယျ အပျော်တမ်းရှမ်းဇာတ်အဖွဲ့ကို စတင်တည်ထောင်ကပြခဲ့ကြသော နှစ်မှစ၍ သတ်မှတ်ရေတွက်ခဲ့ကြပြီး စိန်ရတုပွဲတော်ကို လည်း အပျော်တမ်း စတင်စုပေါင်းကပြခဲ့ရာ သီပေါမြို့ အောင်မင်္ဂလာ ဘိုးတော်ကျောင်းတိုက် ဧရိယာမှာပင် ရွေးချယ်ကျင်းပဖြစ်ခဲ့ကြသည်။
ရှမ်းပြည်နယ်တစ်ဝန်းရှိ ရှမ်းဇာတ်သဘင် ပညာရှင်များ၏ အနုပညာဖခင်ကြီးဖြစ်ခဲ့သောလုံးသြဇေယျခေါ် ဦးသြဇေယျကား အရှိန်အဝါ ကြီးမားသော တိုက်သူကြီးရာထူးနှင့်ပင် မလဲ နိုင်သည့်သူ၊ မြတ်နိုးတန်ဖိုးထားရာ ရှမ်းဂီတ ဇာတ်သဘင်အနုပညာဖြင့် အကျိုးပြုသွားခဲ့သူ တစ်ဦးဖြစ်ကြောင်း ဂုဏ်ပြုဖော်ပြလိုက်ရပါသည်။
မှီငြမ်းကိုးကားချက်
ပင်လုံမြို့၊ နှစ်(၅၀)ပြည့် ရွှေရတုပရိယတ္တိ
သဒ္ဓမ္မပါလစာပွဲတော် အထိမ်းအမှတ်
စာစောင်.....
ဦးစိုင်းငို့ကွမ်း၊ နာယက
သီပေါမြို့နယ် ရှမ်းစာပေနှင့်
ယဉ်ကျေးမှုအဖွဲ့၏ကူညီမှု......
No comments :
Post a Comment
Note: Only a member of this blog may post a comment.